◾️မြန်မာနိုင်ငံမှစစ်ရေယာဉ် (ဆင်ဖြူရှင်)မှလည်း အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့် ပူးပေါင်း၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့

၂၂. ၈. ၂၀၂၅
Written by Nyein Kyaw
မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၁ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် (၁၉)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ခြင်း၊ အာဆီယံရေတပ် ဦးစီးချုပ်များအား သီးခြားစီတွေ့ဆုံခြင်းနှင့် အာဆီယံရေတပ်စစ်ရေယာဉ်များပြပွဲသို့ တက်ရောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ဩဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ မလေးရှားနိုင်ငံ၊ ပီနန်မြို့၌ ပြုလုပ်ရာ မလေးရှားကာကွယ်ရေးဝန်ကြီး Mohamed Khaled Nordin မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ယခင်နှစ် (၁၈) ကြိမ်မြောက်အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား အတည်ပြုသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက “အာဆီယံပင်လယ်ရေကြောင်းလုံခြုံရေးကို ပိုမိုခိုင်မာစေရန် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ပေါင်းစပ်၍ အာဆီယံရေတပ်များ၏ စည်းလုံးညီညွတ်မှုကို တိုးမြှင့်ဆေင်ရွက်ကြပါစို့” ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ညီညွတ်မှုနှင့်ယုံကြည်မှု၏ တည်တံ့ခိုင်မြဲသောအရေးပါမှု၊ ဆန်းသစ်တီထွင်မှုနှင့်နည်းပညာကိုလက်တွေ့ကျကျအသုံးချမှု၊ ပင်လယ်ရေကြောင်းလုံခြုံရေးတိုးမြှင့်ရန် လက်တွေ့ကျသော လုပ်ဆောင်မှုများကို ဆွေးနွေးခဲ့သည်။ ယင်းနောက် သတင်းအချက်အလက်မျှဝေခြင်း၊ ဆွေးနွေးဖလှယ်ခြင်းအစီ အစဉ်များနှင့် အနာဂတ်တွင်ဆောင်ရွက်မည့် ANCM အစီအစဉ်များကိုဆက်လက်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် သဘာပတိ မလေးရှား ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပြီး အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)သည် မလေးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယား ရေတပ်ဦးစီးချုပ်နှင့် လာအိုကြည်းတပ်၊ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲတို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ရောက်ရှိနေစဉ်အတွင်း အာဆီယံရေတပ်ဦးစီးချုပ်များနှင့် အဖွဲ့ သည် ဩဂုတ်လ ၂၀ ရက်တွင် ပီနန်တောင်၌သဘာဝရှုခင်းလေ့လာရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် နိုင်ငံအလိုက် အမှတ်တရသစ်ပင်များစုပေါင်းစိုက်ပျိုးခဲ့ကြပြီး ညပိုင်းတွင် မလေးရှားရေတပ် ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကိုတက်ရောက်ခဲ့သည်။
၎င်းအပြင် ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် အာဆီယံရေတပ် စစ်ရေယာဉ်များပြပွဲကို ပီနန်ပြည်နယ်ဘုရင်ခံ၊ အာဆီယံ ရေတပ်ဦးစီးချုပ်များ၊ မလေးရှားတပ်မတော်မှ တာဝန်ရှိသူများနှင့် အတူတက်ရောက်ခဲ့သည်။
အလားတူ (၃)ကြိမ်မြောက် အာဆီယံရေတပ်များပူးပေါင်းလေ့ကျင့်ခန်း (3 ASEAN Multilateral Naval Exercise) နှင့် အာဆီယံရေတပ်စစ်ရေယာဉ်များပြပွဲသို့ တက်ရောက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)နှင့် အာဆီယံရေတပ်များမှ စစ်ရေယာဉ်များသည် ဩဂုတ်လ ၁၅ ရက်တွင် မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ အသီးသီးရောက်ရှိလာကြပြီး လေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်း၊ ညအချိန် ၂၁ ကီလိုမီတာတာဝေး အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အာဆီယံရေတပ်များ စစ်ရေးပြအခမ်းအနား၌ ပါဝင်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များသို့ သွားရောက်လေ့လာခြင်း၊ အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ (၃) ကြိမ်မြောက် အာဆီယံရေတပ်များပူးပေါင်းလေ့ကျင့်ခန်းကို ဩဂုတ်လ ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှစစ်ရေယာဉ် (ဆင်ဖြူရှင်) အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှ စစ်ရေယာဉ် ၁၀ စီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
