
၂၂.၈.၂၀၂၅
Written by Hey Mar
တစ်ကိုယ်တည်း နေထိုင်တဲ့ အမျိုးသားကြီးတစ်ဦး ပုပ်ပွသေဆုံးမှ လူသိကာ ရုပ်အလောင်းသယ်ယူပေးရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၂၂ ရက်နေ့ က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်၊ ၄၃ လမ်း × ၄၄ လမ်းကြား၊ ၈၁ လမ်း × ၈၂ လမ်းကြားရှိ နေအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့ပြီး အပုပ်နံ့ရရှိမှ ရပ်ကွက်နေပြည်သူတွေက သတိထားမိကာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံ ဆက်သွယ် အကူအညီတောင်းခံလာတာလို့ သိရပါတယ်။


မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ ပြန်ကြားရေးတာဝန်ရှိသူက “နေအိမ်က သူ့အိမ်ပါ။ တစ်ဦးတည်း ဖြစ်သလို နေထိုင်ပုံရပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းတော့ ရင်ခွဲ စစ်ဆေးပြီးမှ သိနိုင်မယ်။ သေတာတော့ လေး၊ ငါးရက်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူမှာ အသက် ၆၈နှစ်အရွယ်ရှိပြီဖြစ်ကာ ဘေးပတ်ဝန်းကျင်နဲ့လည်း ခပ်ကင်းကင်း နေထိုင်တတ်သူလို့ သိရှိရပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေအပြီးမှာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) က မန္တလေးဆေးရုံကြီးရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းကိုလည်း ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။
