◾️ စစ်ဖြစ်ပွားနေသည့်ဒေသများမှ နေရပ်စွန့်ခွာနေရသူများ မိမိရောက်ရှိနေသည့်မြို့နယ်မှတစ်ဆင့် ပုံစံ (၁၅) တောင်းဆိုပြီး ကြိုတင်မဲပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းချက်အသစ် ထပ်မံဖြည့်စွက်ပေးထား
◾️ လုံခြုံရေးအခြေအနေမပေးသည့် မဲဆန္ဒနယ်များအား ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ရွှေ့ပြောင်းထားနိုင်ပြီး လုံခြုံရေးအခြေအနေပေးသည့်အချိန်မှသာ ပြန်လည်ကျင်းပပေးနိုင်ဟု ဆို
◾️ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် မြို့နယ်များအား တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးစိုက်ရာ မြို့ကြီးများကို အဓိကဦးစားပေးရွေးချယ်ခဲ့
၂၂. ၈. ၂၀၂၅
Written by Nyein Kyaw

၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်အားလုံး ကျင်းပပြီးမှသာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များကို ရွေးကောက်ပွဲအားလုံးပြီးမှ ကြေညာမည်လားနှင့် ရွေးကောက်ပွဲ အပိုင်းလိုက်တစ်ပိုင်းပြီးတိုင်း ရွေးကောက်ပွဲရလဒ်များ ကြေညာမည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က ရွေးကောက်ပွဲ အပိုင်းများအားလုံးကျင်းပပြီးပါက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကြေညာပေးမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်းစွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းကင်းနှင့် မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနိုင်ရေး၊ ဖြစ်နိုင်သမျှ မဲရုံအားလုံးတွင် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ကြောင်း ဖြေကြားထားသည်။
လုံခြုံရေးအခြေအနေကြောင့် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါက အဆိုပါဒေသမှ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရန် မဲရုံများကို လုံခြုံမှုရှိသည့်နေရာတွင် ရွှေ့ပြောင်းပြီး ဖွင့်လှစ်နိုင်သည့် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ကြောင်း၊ သို့သော် ရွေးကောက်ပွဲကို မလိုလားသူ ၊ နှောင့်ယှက်ဖျက်ဆီးလိုသူများကြောင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့်ဆုံးရှုံးရမည်ဆိုလျှင် ပြည်သူများအတွက် နစ်နာချက်ပင်ဖြစ်ကြောင်း ဖြေကြားထားသည်။

စစ်ဖြစ်ပွားနေသည့်ဒေသများအတွက် မဲပေးခွင့်ကို ပုဒ်မ ၄၆ နှင့် နည်းဥပဒေ ၁၀ အရ ရောက်ရာအရပ်မှ ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသည့် ပြဋ္ဌာန်းချက်သည် ယခင်ကတည်းက ရှိသည့်ပြဋ္ဌာန်းချက်ဖြစ်သည်။ ထပ်မံဖြည့်စွက်ထားသည်မှာ ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုပြီး မူရင်းဒေသမဲဆန္ဒနယ်အတွက် မဲပေးနိုင်ရန် ပုဒ်မ ၄၅ တွင် ဖြည့်စွက်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအတွက် အကျုံးဝင်သည့် မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မိမိ၏နေရပ်ရင် မဲဆန္ဒနယ်တွင် ကျင်းပသည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မိမိရောက်ရှိနေသည့်မြို့နယ်မှတစ်ဆင့် ပုံစံ (၁၅) တောင်းဆိုပြီး ကြိုတင်မဲပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းချက်အသစ် ထပ်မံဖြည့်စွက်ပေးထားသည့်အပြင် ပုဒ်မ ၄၆ နှင့် နည်းဥပဒေ ၁၀ တို့အရ အကျုံးဝင်သူဖြစ်ပါကလည်း ရောက်ရာဒေသတွင် မဲပေးခွင့်ရရန်အတွက် ပုံစံ (၃-က)နှင့် လျှောက်ထားနိုင်ကြောင်း ဖြေကြားထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့်ဒေသများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ မဲဆန္ဒနယ်အားလုံး၊ မြို့နယ်အားလုံးမှာ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးကျင်းပရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
သို့သော် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်အရ မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ပြည်သူများမဲပေးရန်အတွက် လုံခြုံရေးအခြေအနေမရှိပါက ကော်မရှင်အနေဖြင့် အဆိုပါမဲဆန္ဒနယ်၏ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားနိုင်ပြီး လုံခြုံရေးအခြေအနေပေးသည့်အချိန်တွင် အဆိုပါ မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင်မျာ၏ ကိုယ်စားပြုမှုအခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ကြောင်း ဖြေကြားထားသည်။
ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အား တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင် ရုံးစိုက်ရာ မြို့ကြီးများကို အဓိကဦးစားပေးထားသည့် စံနှုန်းဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
