◾ မြန်မာအသင်း အရှေ့တောင်အာရှတွင် ယခင်မရရှိဖူးသော ရွှေဆုရှင်အားလုံး၏ ချန်ပီယံ (Overall Champion) ဆုကိုပါ ချမ်းမြေ့ထွန်းက ဆွတ်ခူးပေးနိုင်ခဲ့
၂၂. ၈. ၂၀၂၅
Written by Nay Moe

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီမှ အဖွဲ့ခေါင်းဆောင်အဖြစ်ဦးဆောင်လျက်အုပ်ချုပ်သူ ၁ ဦး၊ နည်းပြ ၃ ဦး၊ ဒိုင်လူကြီး ၂ ဦးနှင့် အားကစားသမား ၂၀ ဦးစုစုပေါင်းအားကစားအဖွဲ့ဝင် ၂၆ ဦးဖြင့် သွားရောက်ယှဉ်ပြိုင်လျက်ရှိသည်။







ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသော (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ချမ်းမြေ့ထွန်းသည် (၇၀)ကီလိုတန်း အမျိုးသားကာယဗလပြိုင်ပွဲ၌ ရွှေတံဆိပ် ဆုကိုလည်းကောင်း၊ စိုင်းသက်နောင်ဦးသည် (၁၇၅)စင်တီမီတာ ကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ မျိုးသူရကျော်သည် (၁၇၅) စင်တီမီတာအထက် ကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဆုမွန်လှိုင်သည် (၁၆၀) စင်တီမီတာအထိ ကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဇူးဇူးသန့်သည် (၁၇၀) စင်တီမီတာအထိ ကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ မောင်မောင်မြင့်သည် (၇၀)ကီလိုတန်းအမျိုးသားကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ သန်းဇော်ထိုက်သည် (၁၆၇) စင်တီမီတာအထိ အားကစားသမားဆန်သောအမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ လင်းလင်းစိုးသည် (၁၆၅) စင်တီမီတာအထိကိုယ်ခန္ဓာအချိုးအစားအလှ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ကြေးတံဆိပ် ဆုကိုလည်းကောင်းအသီးသီးဆွတ်ခူးရရှိခဲ့ကြသဖြင့် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၃ ခု အပါအဝင် စုစုပေါင်းဆုတံဆိပ် ၉ ခုရရှိခဲ့သည်။
ပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ဆုရရှိသူများအားလုံးပြန်လည်ယှဉ်ပြိုင်သည့် ၂၀၂၅ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှူ ပြိုင်ပွဲတွင် ချမ်းမြေ့ထွန်းက Mr.South East Asia 2025 အဖြစ် Champion of Champions Overall Champion ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့သည်ဟု သိရပြီး ထိုဆုကို ယခင်က မြန်မာနိုင်ငံ မရရှိဖူးသဖြင့် ပထမဆုံးရရှိသည့် ဆုဟုလည်း သိရသည်။







အဆိုပါ အောင်မြင်မှုများအရ အမျိုးသားအသင်းအနေဖြင့် နိုင်ငံအလိုက် တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးအသင်းသည် နိုင်ငံအလိုက်တတိယဆုကိုလည်းကောင်း အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။
မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့သည် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲအားဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
