
၂၁. ၈ . ၂၀၂၅
Translated by Thettant
မလေးရှားတော်ဝင်လေတပ် (RMAF) ၏ အမေရိကန်ထုတ် F/A-18D Hornet တိုက်လေယာဉ်တစ်စင်းသည် ကူအန်တန်မြို့ရှိ စူလတန် အာမတ်ရှား လေဆိပ်တွင် ယနေ့ညပိုင်းက ဖြစ်ပွားသည့် မတော်တဆမှုအတွင်း ပျက်ကျသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ယနေ့ည ၉ နာရီ ၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်ရပ်မျက်မြင်တွေ့ရှိသူများက လေယာဉ်သည် ပြေးလမ်းပေါ်မှ ပျံတက်စဉ် မတော်တဆဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ လေယာဉ်က ခုန်ထွက်နိုင်ခဲ့ကြသည်ဟု သိရသလို လေယာဥ်မှူးနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ်ကုသမှု ပြုလုပ်နေသည်ဟု ဆိုသည်။
မတော်တဆမှုဖြစ်ပွားပြီး မကြာမီတွင် အရေးပေါ်ဝန်ဆောင်မှုယာဉ်များ အလျင်အမြန်ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရကြောင်းလည်း မျက်မြင်များက ပြောကြားခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရုပ်သံတွင် လေယာဥ်သည် တက်စတွင်ပင် မီးပွင့်များ အတန်းလိုက်ပါနေခဲ့သလို ပေါက်ကွဲသံနှင့် မီးလုံးများ ပွင့်ထွက်လာကာ အင်ဂျင်မီးလောင် ပျက်ကျသည်ကို မြင်ရသော်လည်း အာဏာပိုင်များက လေယာဉ်မှူး၏ အခြေအနေ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးဘဲ လေယာဥ်မှူးတို့ အခြေအနေကောင်းမွန်ကြောင်းနှင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းသာ ပြောခဲ့သည်။
မလေးရှားလေတပ်က အကျဥ်းချုပ်ထုတ်ပြန် ကြေညာချက်တွင် ကနဦးအဆင့်အဖြစ် ၎င်းတို့၏ လေယာဥ်မှူးနှင့် တွဲဖက် လေယာဥ်မှူးတို့ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်နေပြီး ဖြစ်ရပ်၏အကြောင်းရင်းကို ဆုံးဖြတ်နိုင်ရန် စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။
လေတပ်မှ တာဝန်ရှိသူများသည်လည်း အများပြည်သူအား မမှန်ကန်သော သတင်းမှားများ ဖြန့်ဝေခြင်းမပြုရန်နှင့် တရားဝင်သတင်းထုတ်ပြန်မှုများကို စောင့်ဆိုင်းရန် တိုက်တွန်းခဲ့သလို့ ပါဟန်းရဲတပ်ဖွဲ့ အကြီးအကဲ Datuk Seri Yahaya Othman သည် လေတပ်မှ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ ဘေးကင်းကြောင်း အတည်ပြုခဲ့သည်။
“ရဲတွေက အဖြစ်အပျက်ကို အတည်ပြုနိုင်ပါတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးနှစ်ဦးစလုံးကို စစ်ဆေးဖို့အတွက် Tengku Ampuan Afzan ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်” ဟု Bernama သို့ ပြောကြားခဲ့သည်။
F/A-18D Hornet သည် မလေးရှားလေတပ်၏ တိုက်လေယာဉ်တပ်ဖွဲ့တွင် ပါဝင်ပြီး ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းများကတည်းက စတင်အသုံးပြုခဲ့သည်။ ဤလေယာဉ်သည် ဝေဟင်-ဝေဟင်နှင့် ဝေဟင်-မြေပြင် မစ်ရှင်နှစ်မျိုးလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသည့် တိုက်ခိုက်ရေးလေယာဥ်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးစစ်ဆင်ရေးများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
မလေးရှားလေတပ်၏ တိုက်လေယာဉ် မတော်တဆမှုဖြစ်ပွားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်များကလည်း သက်တမ်းရင့်လေယာဉ်များကို ထိန်းသိမ်းရာတွင် အလားတူစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသော်လည်း မလေးရှား၏ လေကြောင်းကာကွယ်ရေးစွမ်းရည်များကို ခေတ်မီအောင်နှင့် ပိုမိုခိုင်မာအောင် လုပ်ဆောင်နေဆဲဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦးစစ်ဆေးမှုများ ပြီးစီးပါက နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။
အမေရိကန်ပြည်ထောင်စုက ၁၉၈၀ ပြည့်လွန်နှစ်များက ထုတ်လုပ်ခဲ့သည့် F/A-18D Hornet သည် အမေရိကန်ဒေါ်လာ ၂၉ သန်း ရှိခဲ့ပြီး မျိုးဆက်သစ်ဖြစ်သည့် F/A-18 Super Hornet များသည် အမေရိကန်ဒေါ်လာ ၆၇ သန်း ဝန်းကျင်ရှိသည်။ F/A-18D Hornet သည် မလေးရှားလေတပ်တွင် ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ယူခဲ့သော ရှစ်စီးရှိပြီး ထိုလေယာဥ်များကို မူလက McDonnell Douglas နှင့် Northrop တို့က ထုတ်လုပ်သော်လည်း McDonnell Douglas အား Boeing က ဝယ်ယူလိုက်သည့်အတွက် လက်ရှိတွင် Boeing ကုမ္ပဏီက ဆက်လက် ထုတ်လုပ်နေသည်။
Ref, The Star, Bernama
