
၂၁. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမှာ ထိုင်းအမျိုးသမီးငယ်တစ်ဦး မောင်းနှင်လာတဲ့ကားတစ်စီးက အရေးပေါ်ကယ်ဆယ်ရေး လူနာတင်ယာဥ်ကို အရှိန်ပြင်းပြင်းဝင်တိုက်လိုက်မိတာကြောင့် တုံးလုံးလဲသွားတဲ့ လူနာတင်ယာဥ်က ကျောင်းသူတွေ စီးလာတဲ့ ဆိုင်ကယ်တွေကို ထပ်ဆင့် တိုက်မိတာကြောင့် ကျောင်းသူတစ်ဦးသေပြီး ကျောင်းသူငါးဦးအပါအဝင် ခြောက်ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံမှာ ဒီညနေက ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်မှာရှိတဲ့ ဘန်ချန်းလမ်းဆုံမှာ ဖြစ်ပွားခဲ့တဲ့ ဒီ ယာဉ်တိုက်မှုဟာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့ရာကစတင်ခဲ့တာပါ။

ဒီလို ဝင်တိုက်မိတာကြောင့် ကယ်ဆယ်ရေးယာဉ်ဟာ လမ်းပေါ်မှာ တုံးလုံးလဲကျလိမ့်ပါသွားရာက လမ်းဆုံမီးပွိုင့်မှာ ရပ်ထားတဲ့ ကျောင်းသူတွေ စီးနင်းလာတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်မိခဲ့ပြီး ဒီမတော်တဆမှုကြောင့် အမျိုးသမီးကျောင်းသူတစ်ဦး သေဆုံးခဲ့ရသလို ကျောင်းသူ ၅ ဦးနဲ့ မိဘတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှုကို ဖြစ်စေခဲ့တဲ့ ကားမောင်းသူဟာ စတ္တဟစ် (Sattahip) ကနေ ရယောင်းဘက်ကို အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့က သူမကို ထိန်းသိမ်းထားတယ်လို့ ကနဦးသတင်းတွေက ဖော်ပြပါတယ်။
အတိုက်ခံရတဲ့ လူနာတင်ယာဥ်ဟာ ယာဉ်တိုက်မှု ဖြစ်ပွားချိန်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို တုံ့ပြန်ကူညီဖို့ သွားရောက်နေချိန်မှာ အခုလိုဖြစ်ခဲ့တာလို့လည်း သိရပါတယ်။
Ref, Khaosod
