
၂၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများတွင် ယနေ့မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာချက်အမှတ် (၆၂ / ၂၀၂၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၂ (က) အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် ဩဂုတ်လ ၂၁ (ယနေ့)မှ စတင်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။
ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာ သံရုံး Website များမှလည်း Download ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။
ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ဩဂုတ်လ ၂၁ (ယနေ့)မှ စတင်၍ စက်တင်ဘာလ ၈ ရက်အထိ ပေးပို့နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
