၂၂.၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံက နရဲစွမ်တပ်ဖွဲ့လက်အောက်ခံ ရတ်ချာ့မနူအထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းအချိန် စစ်ဆေးဖမ်းဆီးမှုအတွင်းမှာ မြန်မာနိုင်ငံသားတစ်ဦးက စပီကာနဲ့ ခရီးဆောင်အိတ်ထဲ ဖွက်ယူလာတဲ့ ၁၁ ကီလိုဂရမ်ရှိ ဆေးခြောက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ နရဲစွမ်တပ်ဖွဲ့ လက်အောက်ခံ ရတ်ချာ့မနူအထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့အတူ ပူးပေါင်းပြီး ဒီနေ့မနက်ပိုင်းအချိန်မှာ မယ်ဆိုင်မြစ်တစ်လျှောက်နဲ့ နယ်စပ်တစ်လျှောက် စောင့်ကြည့်ကင်းလှည့်ခဲ့ပါတယ်။ အဲဒီလို ကင်းလှည့်နေချိန် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) အနီးရှိ မယ်ဆိုင်မြစ်ကမ်းဘေးဈေးဧရိယာမှာ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ မသင်္ကာဖွယ်ရာအမျိုးသားဟာ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့နယ်က အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး သူ့ရဲ့ ခရီးဆောင်အိတ်နဲ့ စပီကာအတွင်း ဝှက်ထားတဲ့ ဆေးခြောက် ၁၁ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် ရတ်ချာ့မနူတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (တပ်ခွဲ ၃၄၆) တို့ ပူးပေါင်းပြီး တရားခံကို မဲဆောက်ရဲစခန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref, Khaosod



