




၁၉.၈.၂၀၂၅
Written By Thandar
ကံသာ ရုပ်ရှင်ထုတ်လုပ်ရေးက အခြေခံလူတန်းစားဘဝကို ပညာပေးဇာတ်လမ်းပုံစံ“လူတွေ လမ်းတွေ အလုပ်အကိုင်တွေ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းအခမ်းအနားကို ယနေ့ ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြိုရှိ ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ)မှာ ကျင်းပခဲ့ပါတယ်။
“လူတွေ လမ်းတွေ အလုပ်အကိုင်တွေ” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကို သရုပ်ဆောင် နေမင်း၊ ဖြိုးမြတ်အောင်၊ မိုးဟေကို၊ ယွန်းဝင့်လွှာအောင်၊ ခီဆာခင်နဲ့အတူ အနုပညာရှင်များစွာက ဗောဓိရိပ်ငြိမ်တောရ (မှော်ဘီ)ရှိ သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်း၊ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ တရားတော် နာယူခဲ့ကြပြီး လာရောက်ကြတဲ့ ဧည့်သည်တွေကို ဟင်္သာတမုန့်ဟင်းခါးတွေ ဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားကို အရင်ကတည်းရိုက်ဖို့ စဉ်းစားခဲ့တယ်။ နောက် ဖြိုးမြတ်အောင်ကို မင်းသားတင်ရိုက်မယ်ဆိုပြီးတော့ တိုင်ပင်ဖြစ်တော့ အဓိက ဒါရိုက်တာ ဦးမီးပွားနဲ့ တိုင်ပတ်ခဲ့တာပါ။ ဒီဇာတ်နဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ပြင်ဆင်ရင်းနဲ့ တစ်နှစ်ကျော်မှရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။ မိဘကိုလုပ်ကျွေးပြီး လူတွေအပေါ်ကူညီတယ်။ ဘာသာရေးလုပ်တဲ့ကလေးဆိုတော့ ကျွန်တော်တို့ ရုပ်ရှင်ဘက်မှာရှိသင့်တယ်ထင်လို့ ရိုက်ဖြစ်ခဲ့တာပါ”လို့ သရုပ်ဆောင် နေမင်းကပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မီးပွားရိုက်ကူးပြီး ပညာပေးဇာတ်လမ်းပုံစံကို ယခုလအတွင်းမှာ စတင်ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ နေမင်း၊ ဖြိုးမြတ်အောင်၊ မိုးဟေကို၊ ဖူးစုံ၊ ဟေမာန်အောင်အောင်၊ ဘိုချမ်း၊ ကျော်ဝင်းထွဋ်၊ ရဲလွင်ဉီး၊ Young P၊ ဘချစ်၊ ဇေယျတု၊ 13၊ ဘုန်းမြင့်၊ ယွန်းဝင့်လွှာအောင်၊ ခီဆာခင်၊ အထင်ကရ ပိုပိုနဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြသည်။
“လူတွေက တစ်ယောက်နဲ့ တစ်ယောက် လျှောက်ချင်တဲ့ လမ်းတွေက မတူကြတဲ့အပေါ်မှာ သူပုံသဏ္ဍန်နဲ့ သူထွက်လာကြမှာပါ။ ကျွန်တော်က ဒီစရိုက်ပေါ်မှာ ဘယ်လို တစ်သားတည်းဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ အကြီးကောင် ဆိုတဲ့ ဇာတ်ကောင် သေချာထည့်ထားသလို။ ဆရာကြီးနေရာကတော့ နေမင်းရဲ့ ဆရာကြီး ဇာတ်ကောင်ဆိုတာရော ဘယ်လိုလဲဆိုတာ လူငယ်တွေရဲ့ အနာဂတ်ပေါ့။ မူးယစ်ပေါ်မှာ သံသရာလည်မှုတွေကို ထည့်ပြီး ပုံဖော်သွားမှာပါ။ မူးယစ်ကို ဘဝထင်နေတဲ့သူတွေအတွက်လည်း လူငယ်တွေအတွက်လည်းပညာပေးလေးပါပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ မီးပွားက ပြောပါတယ်။
