
၁၉. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ်ရှိ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်မြန်မာမိန်းကလေးဟာ သူမရဲ့မိဘတွေက သူမကို ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တယ်လို့ ပြောဆိုပြီး အိမ်ကိုပြန်ဖို့ ငြင်းဆန်လိုက်ပါတယ်။
သူမမိဘတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မာမွတ်ရေဟင်နဲ့ အသက် ၄၀စ်အရွယ် အာရှာဘီတို့ဟာ သမီးဖြစ်သူ ဘီဒါ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၈ နာရီလောက်က နွန်သဘူရီရှိ နေအိမ်ကနေ ပျောက်ဆုံးသွားပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့မှာ ထိုင်းသတင်းဌာနတွေကို အကူအညီတောင်းခံခဲ့ပါတယ်။

ဇနီးမောင်နှံက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ဘန်စီမြောင်းရဲစခန်းမှာ တိုင်ကြားခဲ့ပေမယ့် သမီးဘယ်မှာရှိနေလဲဆိုတာကို မသိခဲ့ရသလို သမီးဖြစ်သူဟာ ရက်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့ သူတို့က ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဘန်စီမြောင်းရဲစခန်းရဲ့ ရဲမှူးဖြစ်သူ ဆွန်ချိုင်း ဂျန်း ဓမ္မက ပျောက်ဆုံးနေတဲ့မိန်းကလေးကို ထိုင်းနိုင်ငံအလယ်ပိုင်းက အယုဒ္ဓယပြည်နယ်မှာရှိတဲ့ သူငယ်ချင်းတစ်ဦးရဲ့အိမ်မှာ တွေ့ရှိခဲ့ကြောင်း မနေ့က သြဂုတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူမရဲ့သူငယ်ချင်းမိသားစုက သူမနဲ့ပတ်သက်တဲ့ သတင်းတွေကို တွေ့မြင်ခဲ့ရပြီးနောက် ဘန်စီမြောင်းရဲစခန်းကို ဆက်သွယ်ဖို့ ဘီဒါ့ကို ပြောခဲ့ပါတယ်။ အဲဒီနောက် သူမဟာ တက္ကစီနဲ့ ရဲစခန်းကို သွားခဲ့ပေမယ့် တက္ကစီခကို မပေးနိုင်တဲ့အတွက် သူမရဲ့ မိုဘိုင်းဖုန်းနဲ့ ငွေချေဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရဲတွေက နောက်ပိုင်းမှာ တက္ကစီခကို စိုက်ထုတ်ပေးချေပေးခဲ့ပါတယ်။
ရဲမှူးဆွန်ချိုင်းက Channel 7 ကိုပြောကြားရာမှာ မိန်းကလေးဟာ အိမ်ကိုပြန်ဖို့ ငြင်းဆန်ခဲ့ပြီး သူမရဲ့မိဘတွေနဲ့ တွေ့ဖို့ကိုလည်း ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက မိဘတွေဟာ သူမကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရဲအရာရှိတွေကတော့ မိဘတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာ မိန်းကလေးကို ခဏတာစောင့်ရှောက်ပေးဖို့ နွန်သဘူရီပြည်နယ် ကလေးသူငယ်နှင့်မိသားစုအရေးစောင့်ရှောက်ရေးဌာန (Nonthaburi Provincial Shelter for Children and Families – NPSCF) နဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

ဒီဌာနရဲ့ခေါင်းဆောင်ဖြစ်သူ ဝါရင် ဝီရာဆန်ထုန် မိန်းကလေး အိမ်ကနေ ထွက်ပြေးတာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမဟာ အရင်က ၇ ကြိမ်၊ ၈ ကြိမ်လောက်အထိ ထွက်ပြေးခဲ့ဖူးပြီး အဆိုပါ NPSCF စခန်းကနေလည်း အကြိမ်ပေါင်းများစွာ ထွက်ပြေးခဲ့ဖူးတယ်လို့ ဆိုခဲ့ပါတယ်။
ဝါရင်က ဒီတစ်ကြိမ်မှာ မိန်းကလေးငယ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ မှတ်ပုံတင်ရဖို့ ကူညီပေးတာ၊ ကျောင်းတက်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းပညာသင်ယူဖို့ အားပေးတာတွေနဲ့ သူမကို ထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ သူမက အရင်ကလိုမျိုး ထပ်ပြီးမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် ကောင်မလေးကို NPSCF စခန်းမှာပဲ ထားရှိနိုင်ဖို့ မိဘတွေနဲ့ ဆွေးနွေးသွားဖို့လည်း စီစဉ်နေပါတယ်။
Ref, Thaiger
