



၁၉.၈.၂၀၂၅
Written By Thandar
HM Production က မြန်မာပြည်ကပထမဆုံး ဖူဆယ်ဘောလုံးကို အခြေခံထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “အချိန်ပို- Extra Time” ရုပ်ရှင်ဇာတ်ကားကြီး Media Conference ပွဲကို ယနေ့ ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ စံလက်ဖက်ရည်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ဘောလုံးနဲ့ပတ်သက်ပြီးတော့ ဦးကျော်သူ၊ စိုးသူတို့ ဒိုးရုပ်ရှင်ဇာတ်ကားနောက်ပိုင်း ဘောလုံးကို အခြေခံရိုက်တဲ့ ကားပါ။ ဒါကဖူဆယ်ဘောလုံးအခြေခံထားတဲ့ ဇာတ်ပါ။ ပရိသတ်အကြိုက်တွေ့စေမယ့် ဘောလုံးတွေ အမြဲကန်တော့ မင်းသားတွေဖြစ်တဲ့ ကိုသူထူးစံ၊ ကိုနေထက်လင်းနဲ့ မင်းဘုန်းမြတ် စတဲ့သူတွေပါပါတယ်။ ရုံတင်တော့မှာမို့ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားမိပါတယ် ”လို့ သရုပ်ဆောင် မာန်ဟိန်း(HM Production) က ပြောပါတယ်။
အဆိုပါ ဇာတ်ကားမိတ်ဆက်ပွဲကို မာန်ဟိန်း၊ နေထက်လင်း၊ သူထူးစံ၊ ရာဝနတို့ တက်ရောက်ခဲ့ပါတယ်။
ဒီဇာတ်လမ်းကို မာန်ဟိန်း၊ ဇာတ်ညွှန်း MSY တို့က ရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးဟန် (PD)က နေထက်လင်း၊ သူထူးစံ၊ မာန်ဟိန်း၊ ချောကလျာ၊ မင်းဘုန်းမြတ်၊ နေခြည်ရွှန်းလက်၊ မှူးသခင်ကို စတဲ့အနုပညာရှင်တွေ ဘောလုံးကစားသမားတွေနဲ့ ပါဝင်ရိုက်ကူးထားပါတယ်။
“အချိန်ပို- Extra Time” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ် ၂၀ ရက်မှာ Red Carpet Show ကျင်းပမှာဖြစ်ပြီးတော့ လာမယ့် ဩဂုတ် ၂၂ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
