
၁၉.၈.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့အသစ် ရွေးချယ်တင်မြှောက်ဖို့ ရွေးကောက်ပွဲကို လာမယ့် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်းကျင်းပဖို့ ခန့်မှန်းလျာထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးကပြောပါတယ်။
“ ကျွန်တော်တို့ မကြာခင် ရုပ်ရှင်အစည်းအရုံးအနေနဲ့ နှစ်အလိုက်သတ်မှတ်ပြီးတော့ ဥက္ကဋ္ဌ ရွေးချယ် တင်မြှောက်တာတွေရှိပါတယ်။ နှစ်ကာလသတ်မှတ်ချက်အရ ကြာလာပြီမို့ ခုကပြန်လည်ရွေးချယ်မှုတွေ လုပ်ဆောင်သွားမှာပါ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမှုဆောင်တွေကို စိစစ်တာတွေ အသင်းအဖွဲ့တွေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်မှုတွေလည်း လုပ်သွားမှာပါ။ အကြံဉာဏ်တွေ ရယူစုဆောင်းတာတွေ၊ ရွေးကောက်ခံအမှုဆောင် အရည်အချင်းတွေ မဲပေးခွင့်ရတဲ့ အသင်းဝင်တွေ အရည်အချင်းတွေကို သုံးသပ်ပြီး ဆောင်ရွက်မှာပါ ”လို့ ကိုချမ်းသာကြည်စိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ရုပ်ရှင်အစည်းအရုံးဝင်တွေအနေနဲ့ ရုပ်ရှင်လောကအကျိုးကို ထိရောက်စွာဆောင်ရွက်မယ့် သင့်လျော်တဲ့ အမှုဆောင်အသစ်တွေကို မိမိတို့အလွှာအလိုက် ကြိုတင်စဉ်းစားကြရမှာဖြစ်ပြီး အမှုဆောင်အနေနဲ့ အများအကျိုးကို ဆောင်ရွက်လိုတဲ့ ပုဂ္ဂိုလ်တွေကလည်း ကြိုတင်ပြင်ဆင်ဖို့ ဆိုပါတယ်။
ရွေးကောက်ပွဲဝင်မယ့် အမှုဆောင်လောင်းအရည်အချင်းသတ်မှတ်ချက်တွေ၊ မဲပေးနိုင်မယ့် စနစ်နဲ့ မဲပေးပိုင်ခွင့်တွေကို ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကြိုတင်ထုတ်ပြန်ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အစည်းအရုံးဝင်တွေ ကြိုတင်သုံးသပ်နိုင်ဖို့အတွက် လက်ရှိအမှုဆောင်တွေ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ပူးတွဲဖော်ပြရမယ်လို့ဆိုပါတယ်။
