၁၉. ၈. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ၁၇ နှစ်အရွယ် ချစ်သူမိန်းကလေးရဲ့ သစ္စာဖောက်ခြင်းကိုခံခဲ့ရပြီး မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေဆီကို ယွမ် ၁၀၀,၀၀၀ နဲ့ ရောင်းစားခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကတော့ ဂွန်ဒန်း(Guangdong)ပြည်နယ်၊ ယန်းကျန်း (Zhanjiang) မြို့ကနေ လာတဲ့ ကောင်လေးတစ်ယောက် ကြုံခဲ့ရတာပါ။ သူဟာ ကျားဖြန့်ဂိုဏ်းမှာ ဖမ်းဆီးခံထားရတဲ့ လေးလတာကာလပတ်လုံး နှိပ်စက်ညှဉ်းပန်းမှု၊ အတင်းအကြပ်ခိုင်းစေမှုနဲ့ ငတ်မွတ်မှုတွေကို ခံစားခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့မိသားစုက ယွမ် ၃၅၀,၀၀၀ အကုန်အကျခံပြီး ပြန်ရွေးခဲ့ရပါတယ်။
ဒီကောင်လေးဟာ ချစ်သူမိန်းကလေးနဲ့ ပထမဆုံးအကြိမ်ကို ရေကူးကန်မှာ ဆုံတွေ့ခဲ့တာပါ။ သူ့အစ်မဖြစ်သူကတော့ မိန်းကလေးရဲ့ အဝတ်အစားတွေ၊ အတုအယောင် ဒီဇိုင်းနာအိတ်တွေကို ကြည့်ပြီး “သူမက ပေါ့ပျက်ပျက်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။ ဒီမိန်းကလေးက Hokkien (လက်ရှည်တရုတ်) လူမျိုးလို့ ပြောပြီး သူ့မိဘတွေက ရင်းနှီးမြှုပ်နှံမှုမန်နေဂျာတွေဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ မိသားစုစီးပွားရေးလုပ်ငန်းတွေရှိကြောင်း ကြွားဝါလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
“သူမက အလုပ်ရှိတယ်ဆိုပြီး ကျွန်မမောင်လေးကို မြန်မာနိုင်ငံကို ခေါ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်” လို့ သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်လေးရဲ့အစ်မက Xiaoxiang Morning Post ကို ပြောခဲ့ပါတယ်။ “မောင်လေးကတော့ ချစ်စိတ်နဲ့လုံးဝ မျက်စိမှောက်နေတာပါ” လို့လည်း ဆိုပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလမှာတော့ အချစ်မျက်ကန်းဖြစ်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကောင်လေးဟာ သူ့ချစ်သူနဲ့အတူ ဘန်ကောက်ကို တိတ်တိတ်လေး ခရီးထွက်သွားခဲ့ပါတယ်။ မကြာခင်မှာဘဲ သူငယ်ချင်းတွေရဲ့ WeChat ပို့စ်တွေမှာ သူ့ကို ထိုင်း-မြန်မာနယ်စပ်နားမှာ တွေ့ရတဲ့ ပုံတွေတင်လိုက်တဲ့အခါ ဆွေမျိုးတွေက သံသယဝင်လာခဲ့ပါတယ်။
“သူ နယ်စပ်ကိုရောက်နေတာ သိလိုက်ရတော့ အခြေအနေတွေက မကောင်းတော့ဘူးလို့ ခံစားမိပါတယ်” လို့ သူ့အစ်မက ပြန်ပြောပြပါတယ်။ အဲဒီမှာပဲ သူ့ချစ်သူမိန်းကလေးက တစ်ယောက်ယောက်ကို သွားခေါ်ရမယ်လို့ ပြောပြီး သူ့ကို စွန့်ပစ်သွားခဲ့ပါတယ်။ မိနစ်အနည်းငယ်ကြာတော့ လက်နက်ကိုင်ထားတဲ့လူတွေက သူ့ရဲ့ပတ်စ်ပို့နဲ့ ဖုန်းကို လုယူသွားခဲ့ပါတယ်။ နောက် လေးလအကြာမှာတော့ ဒီဆယ်ကျော်သက်ကောင်လေးဟာ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေထဲကို ရောက်သွားခဲ့ပါတယ်။ အစောင့်တွေက သူ့ခေါင်းကို ရိတ်ပစ်ပြီး သတ္တုချောင်းတွေနဲ့ ခါးကိုရိုက်တာ၊ နားရွက်တွေကို ညှစ်တာမျိုးတွေနဲ့ ပုံမှန်ရိုက်နှက်ခဲ့ကြပါတယ်။ နေ့စဉ်ပေးထားတဲ့ အွန်လိုင်းလိမ်လည်မှု ပမာဏမပြည့်ရင် နောက်ထပ်အပြစ်ပေးခံရပါတယ်။
“သေနတ်ကိုင်ထားတဲ့ လူတွေက သူ့ကိုဖမ်းသွားတယ်” လို့ စိတ်ပျက်အားငယ်စွာ ဖုန်းခေါ်ခဲ့အပြီးမှာ သူ့အစ်မက ပြန်လည် ပြောပြခဲ့ပါတယ်။
Goody Feed သတင်းဌာနရဲ့ ဖော်ပြချက်အရ ကောင်လေးဟာ တစ်နေ့ကို ၁၆ နာရီကနေ ၂၀ နာရီအထိ အလုပ်လုပ်ရပြီး အစားမစားရတဲ့အတွက် အမြဲတမ်းဆာလောင်မွတ်သိပ်နေရလို့ ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့ပါတယ်။ ခေါင်းကို အကြိမ်ကြိမ်ရိုက်နှက်ခံရတာကြောင့်လည်း ကောင်လေးဟာ အမြဲတမ်း နားမကြားရတော့တဲ့ ဒုက္ခိတဖြစ်သွားခဲ့ရရှာပါတယ်။
လနဲ့ချီကြာအောင် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပြီးနောက်မှာ သူ့မိသားစုက နောက်ဆုံးတော့ ပြန်ရွေးဖို့အတွက် ငွေတွေကို စုဆောင်းနိုင်ခဲ့ပါတယ်။ ယွမ်သုံးသိန်းခွဲနဲ့ အလဲအထပ် ပြုနိုင်ခဲ့လို့ ပြီးခဲ့တဲ့ ဇွန်လမှာ ကောင်လေးက ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် နောက်တစ်ခါ ပြန်ပေးဆွဲခံရမှာကို ကြောက်ရွံ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ဒုက္ခရောက်နေခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ချစ်သူမိန်းကလေးဟာ ထိုင်းကနေ အားလပ်ရက်ပြန်လာတဲ့အခါ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ လိမ်လည်မှုနဲ့ လူကုန်ကူးမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး သူမရဲ့ရုံးချိန်းကို ရွှေ့ဆိုင်းထားပေမယ့် မကြာခင်မှာ ဆက်လက်လုပ်ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။
“သူမက အသက် ၁၇ နှစ်ပဲ ရှိသေးတာ။ ဘယ်သူက ဒီလောက်ဆိုးတဲ့အလုပ်ကို လုပ်နိုင်မယ်လို့ ထင်မှာလဲ” လို့ ကောင်လေးရဲ့အစ်မက ဆက်လက် ပြောခဲ့သလို “ဒီလိုမျိုး ယုတ်မာတဲ့လုပ်ရပ်တွေကို သူမက လုပ်နိုင်တယ်ဆိုတာ မယုံနိုင်စရာဘဲ” လို့လည်း ပြောခဲ့ပါတယ်။
Ref , The Thaiger


