၁၉. ၈.၂၀၂၅
Written by Thiri
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ မိတ္ထီလာကန်ထဲကနေ မိကျောင်းပေါက်တစ်ကောင် ဖမ်းမိတယ်ဆိုတဲ့ ဂယက်ကြောင့် ကန်အတွင်း ရေနေသတ္တဝါတွေရဲ့အရေးနဲ့ ကန်ဘေးပတ်ဝန်းကျင် နေထိုင်သူတို့ စိုးရိမ်မှုတချို့ ရှိနေတယ်လို့ မိတ္ထီလာမြို့ခံတစ်ဦးထံကနေ သိရပါတယ်။
အဆိုပါ မိကျောင်းပေါက်ကို ဖမ်းမိခဲ့တာက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မိတ္တီလာတောင်ကန် ကန်ကူးတံတားအောက်မှာ ငါးမျှားနေသူအမျိုးသားတစ်ဦးက မိကျောင်းပေါက်တစ်ကောင်တွေ့ရှိဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
“အမျိုးမျိုးတော့ မှတ်ချက်ပေးနေကြတယ်။ သူ့ လာရာလမ်းကြောင်းတော့ မခန့်မှန်းတတ်ဘူး။ မိတ္ထီလာကန်က မုန်တိုင်ဆည်ကနေ ရေဝေ ရေလည်း ရှိတာ။ မုန်တိုင်ဆည်ကလည်း ဧရာဝတီမြစ်စီးဝင်ရာ ချောင်းလက်တက်တွေပဲ။ ဒီမိကျောင်းပေါက် ဘယ်က ရောက်လာသလဲတော့ တွေးစရာ စိုးရိမ်စရာရှိပါတယ်။ တစ်ယောက်ယောက်က ယတြာအတွက်လွှတ်သလား ဒါလည်းထည့်တွေးရတယ်” လို့ မိတ္ထီလာမြို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ မိကျောင်းပေါက်အရွယ်အစားမှာ ယောက်ျား လက်တစ်တောင်ခန့်မှန်း (၂)ပေခန့်အရွယ်ဖြစ်ပြီး၊ ဝါ/နက်အရောင်ဖြစ်ကြောင်း၊ ဖမ်းဆီးရတဲ့သူက မိတ္တီလာမြို့၊ အောင်ဇေယျရပ်ကွက်၊ နယ်မြေ(၈) အနောက်ပိုင်းနေထိုင်သူ ကိုမျိုးကျော်သူ ဆိုသူဖြစ်ကြောင်းနဲ့ သူတို့ သူငယ်ချင်းနှစ်ဦး မိတ္တီလာတောင်ကန်ကူးတံတားတိုင်အမှတ်P-5 မှာငါးထိုင်မျှားနေစဥ် ရေထဲမှခေါင်းပေါ်လာပြီးပြန်ငုပ်သွားခဲ့ကြောင်း ခဏအကြာ ငါးမျှားနေတဲ့တိုင်အောက်ခြေမှာ ထပ်မံပေါ်လာလို့ လက်နဲ့ ဖမ်းဆီးရာက မိချောင်းပေါက်တစ်ကောင်ဖြစ်နေကြောင်းသိရှိရတယ်လို့ ဒေသခံ သတင်းထောက်က အဆိုပါသတင်းကို စုံစမ်း မေးမြန်းချက်အရ သိရှိရပါတယ်။
ဖမ်းမိတဲ့ မိချောင်းပေါက််ကို နေအိမ်မှာအလှမွေးငါးမွေးကန်နဲ့ ထည့်သွင်းမွေးမြူထားပြီး နေ့စဉ် ငါး၊ ပုဇွန် ကျွေးကြောင်း၊ ဆက်လက်မမွေးမြူရဲလို့ သက်ဆိုင်ရာကို အပ်နှံသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

