၁၉. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်သမ္မတ ထရမ့်ပ်၏ ရီပတ်ဘလစ်ကန်ပါတီကို ထောက်ခံသည့် လက်ယာယိမ်းသတင်းဌာန Real America’s Voice ၏ အိမ်ဖြူတော်၏ အကြီးအကဲ သတင်းထောက်တစ်ဦးဖြစ်သူ ဘရိုင်ယန်ဂလန်းသည် ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး ယခုတစ်ကြိမ် ဝတ်ဆင်ထားသော စစ်စတိုင်ဝတ်စုံ (Military-style Suit) ကိုမူ သမ္မတထရမ့်ပ်နှင့် ဇယ်လန်းစကီးတို့ အိမ်ဖြူတော်ရုံးခန်း (Oval Office) တွင် ဩဂုတ် ၁၈ ရက်က တွေ့ဆုံစဉ် ချီးကျူးလိုက်သည်။
ထရမ့်ပ်၏”Make America Great Again” (MAGA) လှုပ်ရှားမှုအပေါ် ထင်ရှားသော ထောက်ခံသူဖြစ်သလို အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ရီပတ်ဘလစ်ကန်ပါတီဝင် ဂျော်ဂျီယာပြည်နယ်၏ ၁၄ ခုမြောက် ကွန်ဂရက်စ်ခရိုင်အတွက် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် Marjorie Taylor Greene (R-Ga.) နှင့် အတူနေ ချစ်ကြိုက်နေသည့် ဂလန်းက အသက် ၄၇ နှစ်ရှိပြီဖြစ်သော ယူကရိန်းသမ္မတကို သတင်းထောက်များ ဝိုင်းရံနေစဉ်အတွင်း “သမ္မတ ဇယ်လန်းစကီး ခင်ဗျာ။ ခင်ဗျား ဒီဝတ်စုံနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်” ဟု ပြောခဲ့သည်။ “အရမ်းကြည့်ကောင်းပါတယ်” ဟုလည်း ဆိုသည်။
သမ္မတထရမ့်ပ်ကလည်း ဂလန်းအတိုင်း ဇယ်လန်းစကီးကို “ငါလည်း အဲဒီလိုပဲ ပြောခဲ့တယ်” ဟု နောက်ပြောင်ပြောဆိုခဲ့သည်။ ထို့နောက် ဂလန်းက ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်၌ ခေါင်းဆောင် နှစ်ဦးသားတွေ့ဆုံစဉ် ယူကရိန်းခေါင်းဆောင်ကို ၎င်း၏စစ်သားစတိုင်ဝတ်စုံနှင့် ပတ်သက်၍ သူ့စကားကို သူပြန်ပြောပြခဲ့သလို ဂလန်းက ဇယ်လန်းစကီးအပေါ် ထိုအချိန်က ဝေဖန်ရှုတ်ချမှုအတွက်လည်း“ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျား အရမ်းကို ကြည့်ကောင်းပါတယ်” ဟု ပြောခဲ့သည်။
ပြုံးနေသော ဇယ်လန်းစကီးကမူ ဂလန်း၏ ဝတ်စုံကို ညွှန်ပြ၍ “ခင်ဗျား ဝတ်လာတဲ့ ဝတ်စုံကတော့ အရင်တစ်ခေါက်နဲ့ အတူတူပဲဗျ” ဟု ပြန်လည် နောက်ပြောင်ပြောဆိုခဲ့သလို“ခင်ဗျားကြည့်၊ ကျွန်တော်က ဝတ်စုံပြောင်းလဲခဲ့တယ်၊ ခင်ဗျားက မပြောင်းဘူး” ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ထိုစကားကြောင့် အိမ်ဖြူတော်ရုံးခန်းတစ်ခုလုံး ရယ်မောသံများ ပေါက်ကွဲထွက်လာခဲ့ပြီး ထရမ့်ပ်နှင့် အိမ်ဖြူတော်မှ သတင်းထောက်များလည်း ပါဝင်ရယ်မောခဲ့ကြသည်။
ဇယ်လန်းစကီးသည် လူအများရှေ့တွင် ပေါ်ထွက်လာသည့်အခါ အနက်ရောင် သို့မဟုတ် အစိမ်းရောင် ယူကရိန်းတံဆိပ်ပါသော စစ်သားစတိုင်တီရှပ်ဝတ်စုံကို ဝတ်ဆင်လေ့ရှိသည်။ ကိယက်ဗ်မြို့တော်မှ သမ္မတသည် ရုရှားတို့၏ ကျူးကျော်မှုမှ ၎င်းတို့နိုင်ငံ၏ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသည်ကို ပြသရန်အတွက် ထိုဝတ်စုံကို ဆက်လက်ဝတ်ဆင်နေခြင်းဖြစ်သည်။ သို့သော်လည်း ဖေဖော်ဝါရီလက အိမ်ဖြူတော်ရှိ Oval Office သို့လာသည့် ဇယ်လန်းစကီး၏ ထိုဝတ်စုံသည် ပြဿနာဖြစ်ခဲ့သည်။ ထိုအချိန်က ထရမ့်ပ်ကလည်း ယူကရိန်းခေါင်းဆောင်ကို “သူ ဒီနေ့အကုန်လုံး အဝတ်အစားတွေ ဝတ်လာတာပဲ” ဟု ထေ့လုံးငေါ့လုံးပြောဆိုခဲ့သည်။
ထို့နောက် ဇယ်လန်းစကီး၊ ထရမ့်ပ်နှင့် ဒုတိယသမ္မတ ဗန့်စ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပါဝင်သော ရှုပ်ထွေးသည့် သတင်းထောက်တွေ့ဆုံပွဲတစ်ခုအတွင်း ဂလန်းကလည်း ဇယ်လန်းစကီး၏ စစ်သားစတိုင်ဝတ်စုံနှင့်ပတ်သက်၍ တိုက်ခိုက်ခဲ့သည်။
“ဘာလို့ (Formal Suit) ဝတ်စုံမဝတ်တာလဲ” ဟု ထိုသတင်းထောက်က ထိုအချိန်က ပြောဆိုခဲ့သည်။ “ခင်ဗျားက နိုင်ငံမှာ အမြင့်ဆုံးရာထူးကို ရယူထားပြီး (Formal Suit) ဝတ်စုံဝတ်ဖို့ ငြင်းဆန်တယ်။ ခင်ဗျား ဝတ်စုံတစ်ထည်ပိုင်ဆိုင်ရဲ့လား” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ “အမေရိကန်လူမျိုး အများအပြားက ဒီရာထူးရဲ့ ဂုဏ်သိက္ခာကို ခင်ဗျား လေးစားမှုမရှိတာနဲ့ပတ်သက်ပြီး ပြဿနာရှိနေပါတယ်” ဟုလည်း ထပ်လောင်းပြောခဲ့သည်။
ဇယ်လန်းစကီးကမူ ထရမ့်ပ်နှင့် ပထမအကြိမ်တွေ့ဆုံစဉ် သူ့ဝတ်ဆင်မှု ဝေဖန်ခံရသည့်အပေါ် ကိုယ်တိုင် ခုခံကာကွယ်ပြောဆိုခဲ့ပြီး “ဒီစစ်ပွဲပြီးရင် (Formal Suit) ဝတ်စုံဝတ်မှာပါ” ဟု ပြန်လည်ပြောဆိုခဲ့သည်။
ထရမ့်ပ်နှင့် ဇယ်လန်းစကီးတို့သည် ဧပြီ ၂၆ ရက်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ဈာပနတွင် နောက်တစ်ကြိမ် တွေ့ဆုံသောအခါ ယူကရိန်းသမ္မတသည် လည်စည်းမပါဘဲအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ ထိုဝတ်စုံကိုပင် ယခု တနင်္လာနေ့ ဝါရှင်တန်ခရီးစဉ်တွင် ပြန်လည်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။
ဇယ်လန်းစကီးသည် ယခုတွေ့ဆုံချိန် ဝတ်စုံပြောင်းလဲလိုက်ခြင်းသည် ပထမအကြိမ်က “ဒီစစ်ပွဲပြီးရင် (Formal Suit) ဝတ်စုံဝတ်မှာပါ”ဟု ပြောခဲ့သည့်စကားကို ပြန်လည်ကောက်ယူစရာဖြစ်ခဲ့သလို အမေရိကန်သမ္မတထရမ့်ပ်ကလည်း နေတိုးကို ယူကရိန်း မဝင်ရန်၊ စစ်ဆက်တိုက်ပါက ယခုထက်ပိုမို နယ်မြေဆုံးရှုံးလိမ့်မည်ဆိုသော စကားဆိုခဲ့သည်တို့ကိုလည်း အမှတ်ရစရာဖြစ်ခဲ့ကာ ဝတ်စုံပြောင်းလဲလာခဲ့သော ဇယ်လန်းစကီးသည်လည်း ရုရှားအပေါ် စစ်ပွဲရှုံးနိမ့်မှုကို လက်ခံလိုက်သည့်အသွင်ဟု ယူဆစရာဖြစ်ခဲ့သည်။
Ref, New York Post
