၁၉. ၈. ၂၀၂၅
Written by Nyein Kyaw
အခွန်ပေးဆောင်သူပြည်သူများ အခွန်ရုံးများအပေါ် ပိုမိုယုံကြည်လာစေရန် ရသင့်ရထိုက်သည့် အခွန်ငွေများ ကောက်ခံရာတွင် အဂတိကင်းရှင်းစွာဆောင်ရွက်ရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယမန်နေ့က ပြုလုပ်သည့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအစည်းအဝေးတွင် ပြောကြားသည်။
ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိအောင် ကောက်ခံရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ အခွန်ပေးဆောင်သူပြည်သူများက မိမိတို့ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာကြမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည်လာကြမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် သက်ဆိုင်ရာအခွန်မှူးများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရန်လျာထားသည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းကောက်ခံပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သက်ဆိုင်ရာအခွန်ဥပဒေများအရ နိုင်ငံတော်သို့ ပေးဆောင်သင့်၊ ပေးဆောင်ထိုက်သည့် အခွန်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ပိုမိုသုံးစွဲနိုင်ရန် အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အခွန်ပညာပေးလုပ်ငန်းများကို အခွန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပေးရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
