၁၉.၈.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ဒိုတွမ်ဘိုရီ စျေးအရောင်းအဝယ်ခရိုင်မှာ ဩဂုတ်လ ၁၈ ရက်က အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ရမှုမှာ မီးသတ်သမားနှစ်ဦးသေဆုံးပြီး တခြားလူလေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က ပြောခဲ့ကြပါတယ်။
မီးက အိုဆာကာမြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေလာရောက်ရာ ဒိုတွမ်ဘိုရီခရိုင်ရှိ အဆောက်အအုံတစ်လုံးမှာ စတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ အဆောက်အအုံကိုပါ ကူးစက်ခဲ့ပါတယ်။ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်မှာတော့ မီးသတ်တပ်ဖွဲ့က အရေးပေါ်သတင်းပို့ချက် ရရှိခဲ့ပြီး မီးလောင်ကျွမ်းမှုရဲ့ အကြောင်းရင်းကိုတော့ သေချာစွာမသိကြသေးပါဘူး။
သေဆုံးရတဲ့ မီးသတ်သမားတွေကတော့ မီးလောင်နေတဲ့ အဆောက်အအုံတစ်လုံးရဲ့ခြောက်ထပ်မှာ မီးကိုငြှိမ်းသတ်နေစဉ် အဆောက်အအုံကလည်း မီးကြောင့် စတင်ပြိုကျကာ အဆောက်အအုံထဲမှာ ချောင်ပိတ်မိ မီးလောင်ခံခဲ့ရတာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။ သူတို့ကို ဆေးရုံကို တင်ပို့ခဲ့ပေမယ့် သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ မီးသတ်သမားနှစ်ဦးအနက် တစ်ဦးမှာ ၅၅ နှစ်ရှိပြီး တစ်ဦးကတော့ ၂၂ နှစ်ပဲ ရှိသေးတာပါ။
တခြားမီးသတ်သမားသုံးဦးနဲ့ လူတစ်ဦးတို့လည်း အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
မီးကို မီးသတ်ကားနဲ့ အကူယာဉ် ၆၅ စီးနဲ့အတူ ကိုးနာရီကြာ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မီးကြောင့် ၁၀၀ စတုရန်းမီတာခန့် မီးလောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။
Ref- Kyodo News
