ပုံစာ- ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်နှင့်ဇူလိုင်လများအတွင်း ရန်ကုန် - ကော့သောင်း- ရနောင်း ကွန်တိန်နာစနစ် ကုန်သွယ်ရေးဆောင်ရွက်ခဲ့မှုကို တွေ့ရစဉ်။
◾️ နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်ရငွေများ အခြားကုမ္ပဏီကို လွှဲပြောင်းသုံးစွဲခွင့်ပြုလိုက်သည့်အတွက် သွင်းကုန်လုပ်ငန်းရှင်များလည်း ပို့ကုန်ရငွေ အလွယ်တကူ လွှဲပြောင်းသုံးစွဲနိုင်မည်
၁၉. ၈. ၂၀၂၅
Written by Nyein Kyaw
နယ်စပ်ကုန်သွယ်ရေးမှ သွင်းကုန်တင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေ (Export Earming) ရှိပါက သွင်းကုန်လိုင်စင် ခွင့်ပြုပေးနေပြီး တင်သွင်းလိုသည့် ကုန်ပစ္စည်းအားလုံးကိုမူ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ယခုကာလတွင် ရနောင်း-ကော့သောင်း-ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ သင်္ဘောများဖြင့် တင်သွင်းခြင်းက ပိုမိုအဆင်ပြေလျက်ရှိပြီး ရနောင်းဆိပ်ကမ်းမှ ပြည်တွင်းသို့ တင်သွင်းမည့်ကုမ္ပဏီများကို သွင်းကုန်လိုင်စင်များ ဦးစားပေးပိုမိုခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရန် သင်္ဘောများလည်း လုံလောက်စွာရှိနေကြောင်း၊ သင်္ဘောပိုင်ရှင်များ၊ ကုန်ပစ္စည်းပိုင်ရှင်များက သွင်းကုန်လိုင်စင်နှင့် တရားဝင်ကုန်သွယ်မှုဆောင်ရွက်ရန်နှင့် ပုံမှန်အတိုင်း ကော့သောင်းကဲ့သို့ Check Point များတွင် ဝင်ရောက်စစ်ဆေးခံရန် လိုအပ်မည်ဖြစ်သည်။
နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်ရငွေများ အခြားကုမ္ပဏီကို လွှဲပြောင်းသုံးစွဲခွင့်ပြုလိုက်သည့်အတွက် ပို့ကုန်တင်ပို့သူများအတွက် အားသာချက်ရှိသလို သွင်းကုန်တင်သွင်းသူများအတွက်လည်း ပို့ကုန်ရငွေကို အလွယ်တကူ လွှဲပြောင်းသုံးစွဲနိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားငွေ တရားမဝင် ဝယ်ယူရန် မလိုအပ်တော့ခြင်းကြောင့် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ တည်ငြိမ်လာမည်ဖြစ်သည်။
ထို့ပြင် ကုန်သွယ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း အထိုက်အလျောက် ကျဆင်းသွားမည်ဖြစ်သည့်အပြင် ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးဖြစ်သည့်အတွက် ကုန်ပစ္စည်းပျက်စီးမှုများ သက်သာစေမည်ဖြစ်ကာ သယ်ယူစရိတ် (Transportation Charges) ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
နယ်စပ်ကုန်သွယ်မှုတွင် သွင်းကုန်လိုင်စင်များ လွယ်ကူစွာရရှိပြီး တရားဝင် တင်သွင်းနိုင်ခြင်းနှင့်အတူ ဈေးကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်လာနိုင်သည့်အပြင် ရောင်းသူဝယ်သူအားလုံး စိုးရိမ်စိတ်မရှိ စိတ်ချမ်းသာစွာ သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရာတွင်လည်း တရားဝင်အထောက်အထား အပြည့်အစုံနှင့် ဆောင်ရွက်ရခြင်းကြောင့် အချိန်ကြန့်ကြာမှု၊ ငွေကြေးကုန်ကျမှု လျော့ကျပြီး စိတ်ချလုံခြုံမှုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များဘက်တွင်လည်း Earning ကို မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ရောင်းချနိုင်မည်ဖြစ်၍ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းလည်း တည်ငြိမ်နေမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန် ဆောင်ရွက်မှု အချိုးကျလာပါက ဈေးကွက်လိုအပ်ချက်နှင့် ဖြည့်ဆည်းပေးနိုင်မှု အချိုးကျပြီး ကုန်ဈေးနှုန်း တည်ငြိမ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။
သင်္ဘောပိုင်ရှင်များနှင့် ကုန်ပစ္စည်းပိုင်ရှင်များအကြား ဆက်သွယ်ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်များလည်း လုံခြုံစွာလုပ်ကိုင်နိုင်ကြမည်ဖြစ်ပြီး ရနောင်း – ကော့သောင်း – ရန်ကုန် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ရေကြောင်းနှင့် ပို့ဆောင်ရာတွင် မြဝတီလမ်းကြောင်းမှ သွားလာရခြင်းထက် ကုန်ကျစရိတ် သက်သာလျော့ကျပြီး လမ်းခရီးလုံခြုံစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရနောင်း – ကော့သောင်း – ရန်ကုန် Border Trade Method အရ ပို့ကုန်ရငွေရှိသူများကို သွင်းကုန်လိုင်စင် ခွင့်ပြုပေးမည်ဖြစ်သည့်အတွက် တရားမဝင် တင်သွင်းမှုများ လျော့နည်းသွားနိုင်သလို အခွန်လည်း ပြည့်ပြည့်ဝဝ ရရှိနိုင်မည်ဖြစ်သည်။ ကုန်သွယ်မှုကိန်းဂဏန်းများလည်း တိကျမှန်ကန်စွာ ရရှိနိုင်ပြီး တရားဝင်လမ်းကြောင်းမှ တင်သွင်းခြင်းဖြစ်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။၏


