သတိုး
၁၉. ၈. ၂၀၂၅
ဒီနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းမြို့က လချ်ထရေးကွင်းထဲ မြန်မာအမျိုးသမီးအသင်းနဲ့ ဩစတြေးလျအသင်းတို့ဟာ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အပြိုင်ဆင်နွှဲကြတော့မှာပါ။
ဒီပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို မနေ့က နေ့လယ်က ဟိုင်ဖုန်းမြို့က Pullman ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဒီပွဲစဥ်အပေါ် မြန်မာအမျိုးသမီးအသင်းရဲ့ Head Coach ဖြစ်တဲ့ Tetsuro Uki က “သြစတြေးလျဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတာကြောင့် မနက်ဖြန် ကစားရမယ့် ဗိုလ်လုပွဲက ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ နောက်ပြီး သြစတြေးလျဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ဗီယက်နမ်ကို ပုံစံကောင်းပြပြီး အနိုင်ရခဲ့တာကြောင့် သူတို့အသင်းက ကစားသမားအားလုံးကို သတိထားသွားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော့်အသင်းက ကစားသမားတွေ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့နဲ့ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားပါ။ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားပါတယ်။ ဝင်းသိင်္ဂီထွန်းရဲ့ စွမ်းဆောင်ရည်ကို အထူးကျေနပ်မိပါတယ်။ ထို့အတူ အသင်းရှိ အခြားကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြု ချီးကျူးပါတယ်။ ကစားသမားအားလုံး ဗိုလ်လုပွဲမှာ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ် ” လို့ ပြောပါတယ်။
မြန်မာအသင်းဟာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတိုင်း ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ၅ ကြိမ်တက်ရောက်နိုင်ခဲ့သလို ၂၀၀၄ နဲ့ ၂၀၀၇ မှာ ၂ ကြိမ်ဗိုလ်စွဲခဲ့လို့ ဒီတစ်ကြိမ်ဟာ ၁၈ နှစ်ကြာ ဝေးကွာနေတဲ့ ဖလားပြန်ရဖို့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်လာနေပါတယ်။
“ဗိုလ်လုပွဲက အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအသင်းဟာ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်မှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးပေမယ့် ဗိုလ်လုပွဲနဲ့ ဝေးကွာနေတာ ၁၀ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ ကစားသမားတွေအတွက် အလွန်အရေးပါတာမို့ ချန်ပီယံဆုဖလား ကိုင်မြှောက်ပြီး အိမ်ပြန်နိုင်ဖို့ တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ချန်ပီယံဆုရခဲ့ရင် ပြည်သူတွေ၊ လူငယ်မျိုးဆက်သစ် ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာမို့ အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ် ”လို့ မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းက ပြောပါတယ်။
လက်ရှိတက်ရောက်လာတဲ့ ဗိုလ်လုပွဲမှာဆိုလည်း မြန်မာအမျိုးသမီးအသင်းက ၂၀၂၃ ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခါးသီးပြိုင်ဘက် ထိုင်းကို အခုလည်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် တစ်နိုင်ငံလုံးက ဂုဏ်ယူနေကြသလို အုပ်စုမှာလည်း အခု ဗိုလ်လုပွဲဆုံတွေ့နေတဲ့ ဩစတြေးလျကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့သေးတာပါ။
“မြန်မာအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆုံခဲ့စဉ်က ကျွန်တော့်အသင်း ပုံစံက အကောင်းဆုံးမှာ ရှိမနေပါဘူး။ အဲဒီပွဲပြီး နောက်ပိုင်း ကျွန်တော်တို့ဟာ လေ့လာသင်ယူမှု၊ ပြောင်းလဲမှုတွေ လုပ်ခဲ့တာကြောင့် လက်ရှိမှာတော့ ပုံစံကောင်းတစ်ခု ရရှိနေပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ၁၄ ရက်အတွင်း ၅ ပွဲ ကစားရတာမို့ ကစားသမားတွေအတွက် အလွန်ခက်ပြီး ကြံ့ခိုင်မှု ပြည့်ဝဖို့ မလွယ်ပါဘူး။ ဒီတော့ ကျွန်တော်က ပွဲစဉ်တိုင်းမှာ ကစားသမားအပြောင်းအလဲ များစွာလုပ်ခဲ့ပါတယ်။ ကစားပုံကိုလည်း အမျိုးမျိုး ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့ပုံစံကို ကစားသမားတွေ သိရှိသွားပြီ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ အပြောင်းအလဲ အများကြီး မရှိလောက်ပါဘူး။ မြန်မာအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ထူးချွန်တဲ့ ကစားသမားပါ။ မြန်မာအသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာပြင်ဆင် ကစားသွားရမှာ ဖြစ်ပါတယ် ”လို့ ဩစတြေးလျ Head Coach ဖြစ်တဲ့ Joe Palatsides က ပြောပါတယ်။
ဒီနေ့ ဗိုလ်လုပွဲဟာ မြန်မာတစ်နိုင်ငံလုံးက စောင့်ကြည့်နေမှာဖြစ်သလို ဗိုလ်လုပွဲ တက်ရောက်သွားခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်ခဲ့တဲ့အပြင် ချန်ပီယံဖြစ်ခဲ့ရင် နိုင်ငံတော်က ဆုချီးမြှင့်မယ်လို့ပါ စိတ်ဓာတ်မြှင့်တင်ပေးထားတယ်လို့ သိရသလို “ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာ ရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသား အားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံးညီညွတ်မှုအပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆု ရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက် လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်။” လို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုက်တွန်းအားပေးမှုအပေါ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း၊ အသင်းတာဝန်ခံဒေါ်နွယ်နီဦးနဲ့ ကစားသမားတွေထံ ဆက်သွယ်ပြောကြားခဲ့ပါသေးတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာ သုံးသောင်း (30000 USD)နဲ့ မြန်မာကျပ် သိန်းနှစ်ထောင်ဆုငွေ ရရှိထားသလို ဗိုလ်လုပွဲစဉ်ကို နိုင်ငံ့ဂုဏ်မြှင့်တင်ဖို့ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်မှာဖြစ်ကြောင်း ပြောကြားထားကာ ဒီပွဲစဥ်ကို ည ၇ နာရီ ၁၅ မိနစ်ကစတင်လို့ MRTV HD Channel MRTV Parliament Channel: MRTV Entertainment Channel နဲ့ မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် (Live) ထုတ်လွှင့်မှာလည်းဖြစ်လို့ မြန်မာနိုင်ငံသားတွေအဖို့က မြန်မာအမျိုးသမီးအသင်း စိတ်အားတက်ကြွစေမယ့် ဆဲဆိုခြင်းကင်းပြီး အပြုသဘောဆောင်တဲ့ အားပေးမှုမျိုးနဲ့ပဲ ချန်ပီယံ အောင်ပွဲယူနိုင်အောင် ကြိုးပမ်းပေးပါလို့ တိုက်တွန်းရင်း ဒီည ဗိုလ်လုပွဲကို အတူတူ စောင့်ကြည့် အားပေးကြရအောင်ပါ။








