◾ ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ နှစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန်ရှိ

၁၉.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဇယ်လန်စကီး၊ တခြား ဥရောပ ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို အိမ်ဖြူတော်မှာ သြဂုတ်လ ၁၈ ရက်က ကျင်းပခဲ့ပြီးတဲ့နောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့အကြား ဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ဖို့ သူစတင်စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ် က အိမ်ဖြူတော်မှာ ဥရောပခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပနေတုံး ရုရှား သမ္မတ ပူတင်နဲ့ ဖုန်းဆက်သွယ်ပြောကြားမှုတစ်ခုမှာ ခုလိုတွေ့ဆုံကြဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ထရမ့်ပ်က “ဒီဆွေးနွေးပွဲက ခေါင်းဆောင်သုံးဦးပါဝင်ကြတဲ့ ဆွေးနွေးပွဲတစ်ရပ်ဖြစ်မှာဖြစ်ပြီး ယူကရိန်းစစ်ပွဲပြီးဆုံးရေး အလွန်ကောင်းမွန်တဲ့ ခြေလှမ်းသစ်တစ်ရပ်” လို့လည်း ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံ အဓိပတိ ဖရက်ဒရစ်ရှ် မာ့ဇ်ကလည်း ရုရှားသမ္မတ ပူတင်ဟာ ဇယ်လန်စကီးနဲ့ နှစ်ပတ်အတွင်းတွေ့ဆုံသွားကြဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက ယူကရိန်းစစ်ပွဲပြီးဆုံးရေး လမ်းပွင့်သွားပြီလို့လည်း ဆိုခဲ့ပါတယ်။
ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ် ကလည်း ယူကရိန်းစစ်ပွဲပြဿနာဖြေရှင်းနိုင်ရေး ဆွေးနွေးမှုတွေမှာတိုးတက်မှုတွေရလို့ သမ္မတ ထရမ်ပ်ကို ကျေးဇူးတင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ အလားတူ ယူနိုက်တစ်ကင်းဒမ်းဝန်ကြီးချုပ်ကလည်း ဒီဆွေးနွေးပွဲက သမိုင်းတွင်မယ့်ဆွေးနွေးပွဲလို့ ဆိုခဲ့ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ကဘဲ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ရုရှားရဲ့ယူကရိန်းကို နောက်ဆုံး တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ရုရှားအစိုးရအနေနဲ့ သံတမန်ရေးအားထုတ်မှုတွေကို အရှက်ရစေဖို့ ရည်စူးနေတယ်လို့ဆိုခဲ့ပြီး ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးအာမခံချက်တွေ လိုအပ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဇယ်လန်စကီးက ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးအာမခံချက်အတွက် ဥရောပရန်ပုံငွေကနေ ယူကရိန်းကိုထောက်ပံ့ဖို့ လက်နက် ဒေါ်လာ ၉၀ ဘီလျံဖိုးဝယ်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သူက ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေနဲ့ပတ်သက်လို့လည်း သမ္မတထရမ့်ပ်နဲ့ နွေးထွေးပြီး အဓိပ္ပါယ်ရှိတဲ့ပြောကြားမှုတွေနဲ့ ကြာရှည်စွာဆွေးနွေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ သူက ရုရှားသမ္မတ ပူတင်နဲ့ ကန့်သတ်မှုမရှိတဲ့ ဆွေးနွေးပွဲတစ်ရပ်ဖြစ်ဖို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထရမ့်ပ်က ရုရှားသမ္မတပူတင်ဆီကို ဖုန်းဆက်ပြီး ခေါင်းဆောင်သုံးဦးရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲအတွက် စီစဉ်ပြောကြားခဲ့တယ်ဆိုတာလည်း ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Ref- CNN, Tass
