၁၈. ၈. ၂၀၂၅
Written by Phyo Wei
ပြည်တွင်းက နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဘက်စုံနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအဖို့ ဂုဏ်ယူပျော်စရာ ရလဒ်အဖြစ် PUBG E Sport မှာ ကမ္ဘာ့ချန်ပီယံဆုကို Yangon Galacticos က ရယူပေးခဲ့အပြီးမှာပဲ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အစဉ်အလာပြိုင်ဘက် ထိုင်းအသင်းကို မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့တာကြောင့် ဂုဏ်ယူပီတိဖြစ်စရာ ထပ်ကြုံရတဲ့အပြင် ဗိုလ်လုပွဲတက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းဆောင်မှု ဂုဏ်ပြုငွေ ဒေါ်လာ (၃၀၀၀၀) ချီးမြှင့်ခဲ့ပြီး ချန်ပီယံဆု ရရှိရင်လည်း နိုင်ငံတော်က ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မယ်လို့ သတင်းစကားပါးမှု ပီတိဖြစ်စရာ တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင်လည်း ရခိုင်လက်နက်ကိုင် AA ဟာ ထန်းရှောက်ခံရွာက ဘင်္ဂါလီ ၆၀၀ ကျော်ကို အစုလိုက် အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်လိုက်မှုကို ICC နဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ARNC တောင်းဆိုချိန်မှာ ဒီလူသတ်မှုကို တပ်မတော် လုပ်ရပ်လို့ လွှဲချဖို့ ကြံစည်နေပေမဲ့ ARNC ကြောင့်ပဲ AA ဟာ ထမင်းရည်ပူလာ လျှာလွှဲ မလုပ်နိုင်တော့သလို ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီသတ်ဖြတ်မှုတွေ AA ကျူးလွန်နေချိန်မှာ တပ်မတော်ဟာ ထန်းရှောက်ခံရွာအခြေစိုက်ရာ မေယုမြစ်အရှေ့ဘက်ခြမ်းမှာ မရှိတော့ကြောင်းနဲ့ ဘင်္ဂါလီတွေအပေါ် AA က လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာဖြစ်ကြောင်း ထုတ်ပြောလာတာမြင်ရလို့ AA ဟာ သူ့ကျူးလွန်မှုကို နိုင်ငံတကာခုံရုံးတွေမှာ ဖြေရှင်းရတော့မယ့် အခြေအနေ တွေ့မြင်လာရပါတယ်။
အခြားတစ်ဖက်မှာလည်း ရှမ်းဒေသကနေ MNDAA ၊ TNLA အကြမ်းဖက်အဖွဲ့တွေ ထွက်သွားဖို့ ကွန်ဟိန်းဒေသခံတွေက ဒီနေ့ မောင်းထုတ်ကြတာ၊ ရခိုင်သူပုန် AA တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးပြီး BGB (ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်) ထံ လက်နက်ချအဖမ်းခံကာ ခိုလှုံခွင့် တောင်းခံခဲ့သလို AA တပ်ဖွဲ့ဝင် ၃၀၀ ခန့်လည်း ထွက်ပြေးနေပြီး လာရောက်ခိုလှုံခွင့်တောင်းခံနိုင်လို့ BGB က လုံခြုံရေးတိုးမြှင့်လိုက်တာ၊ ကယားလက်နက်ကိုင်တွေ သတ္တုခိုးထုတ်ရာ မော်ချီးက လိုခါးလိုဆေးရုံဟောင်းကို တပ်မတော်က ဩဂုတ် ၁၇ ရက်မနက်မှာ ပထမအကြိမ် ဗုံးကြဲတာ ထိခိုက်မှုနည်းပေမဲ့ KNDF နဲ့ ကရင်နီတပ်တွေက တပ်သား ၂၀၀ နဲ့ ခလရ (၁၃၅) ကို လက်တုံ့ပြန်တိုက်ခိုက်တာကြောင့် တပ်မတော်က မော်ချီးကို ထပ်မံဗုံးကြဲရာမှာ အနည်းဆုံး လူ ၂၀ ကျော်သေဆုံးသွားတာ၊ တပ်မတော် အထိနာနေတယ်လို့ ဝါဒဖြန့်ထားတဲ့ AA စခန်းချထားရာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တာ၊ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီပြီး ပြည်သူ ထောက်ခံအားပေးမှုရရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းတာကို ထောက်ခံအားပေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမယ့် နိုင်ငံရေးတိုးတက်မှုတွေကို ထောက်ခံအားပေးကြောင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားလာတာ၊ AA လက်အောက်က ကူကယ်သူမဲ့ ရခိုင်ရေဘေးမှာ ၂၁ ဦးသေပြီး လယ်ဧကသောင်းချီပျက်စီးတဲ့အပြင် လူလေးသိန်းကျော် ဒုက္ခရောက်နေတာ၊ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ အမွေလုနေကြတဲ့ ခြံအမှတ် (၅၄) ရဲ့ နေအိမ်မပါတဲ့ မြေတစ်ဝက်ကို ရောင်းချဖို့ လျှောက်ထားတာ ပယ်ချခံရတာ၊ AA က သားသည်မိခင်တွေပါ မရှောင် စစ်မှုထမ်းခေါ်ယူနေပြီး စစ်သင်တန်းတက်ရောက်နေချိန် ကလေးအမေတစ်ဦး သေဆုံးသွားသလို ဒီလိုသေဆုံးရတာက AA ရဲ့ စစ်သင်တန်းမှာ နှိပ်စက်ညှင်းပန်းခံရလို့ သေဆုံးသွားတာဆိုတဲ့ဖြစ်စဉ်တွေအပြင် စက်တင်ဘာ ၁၉ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံဆီ လာရောက်မယ်ဆိုတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ KIA က ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တပ်မတော်နဲ့ ဆွေးနွေးဖို့ ညှိနှိုင်းနေတယ်လို့ ထုတ်ပြောလာတဲ့အကြောင်း၊ ဟိုပန်ခရိုင်မှူး တာ့ညီလင်းက သက်ငယ်မုဒိမ်းမှု လေးမှု ကျူးလွန်ပေမဲ့ ‘၀’ လက်နက်ကိုင် UWSA က ကိုယ့်လူကိုယ် ညှာတာလိုက်တဲ့အကြောင်းနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ဖြစ်တည်လာမယ့် တစ်ကျော့ပြန် ဒီမိုကရေစီနိုင်ငံသစ်အတွက် ပထမဆုံးခြေလှမ်း ရွေးကောက်ပွဲအကြောင်းကို သုံးသပ်ချင်ပါတယ်။

◾ သွေးကြွေးလည်း ဆွေးနွေးစရာရှိတဲ့ KIA
ရက်ပိုင်းအတွင်း ဗန်းမော်မြို့ကို သိမ်းယူမယ် ကြွေးကြော်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်လို့ ဗန်းမော်ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပေမဲ့လည်း သိမ်းနိုင်ခြင်းမရှိဘဲ KIA, KPDF နဲ့ အညာဒေသက PDF ရာထောင်ချီသုံးလို့ ကိုးလခန့်ကြာတိုက်နေတဲ့ကြားက အရေးနိမ့်ပြီး ဗန်းမော်မြို့ကနေ KIA နဲ့ ပူးပေါင်းလက်နက်ကိုင်တွေ ထွက်ပြေးနေရချိန်မှာ KIA က တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တရုတ်၊ ဂျပန်နိုင်ငံက အထူးသံတမန်တွေနဲ့ နိုင်ငံတကာကို တိုင်တည်တင်ပြထားတယ်လို့ KIO/KIA ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က လူမှူကွန်ရက်မှာ ဖွင့်ဟလာပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က တပ်မတော်နဲ့ ငြိမ်းချမ်းရေးစကားပြောနေကြောင်း ဖွင့်ဟမှုမှာ BBC သတင်းဌာနက ပြီးခဲ့တဲ့လထဲ KIA အနေနဲ့ တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းတာကို တပ်မတော်က ပယ်ချလိုက်တာ မှန်မမှန် ပြန်ဖြေရာတွင် ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ဒီလိုဖော်ပြတဲ့နေ့ဟာ တပ်မတော်က ဗန်းမော်လေဆိပ်၊ အမတ (၃၆၆) နဲ့ စရတ တပ်တို့ကို ပြန်လည်သိမ်းပိုက်လိုက်လို့ KIA, KPDF နဲ့ အညာဒေသက PDF တွေ ထွက်ပြေးနေရတဲ့နေ့လည်းဖြစ်ပါတယ်။
ဒီလို BBC က KIA အနေနဲ့ တပ်မတော်ကို ငြိမ်းချမ်းရေးကမ်းလှမ်းမှုအကြောင်း မေးမြန်းတဲ့အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ငြင်းဆိုပြီး ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကို တပ်မတော်က KIO နဲ့ အွန်လိုင်းဆွေးနွေးဖို့အကြောင်းကြားပေမဲ့ KIO က မြေပြင်မှာဆွေးနွေးချင်လို့ မြစ်ကြီးနားသို့လာဖို့ အကြောင်းပြန်ပေမဲ့ တပ်မတော်က အကြောင်းမပြန်ခဲ့ကြောင်းနဲ့ KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်မှု မလုပ်ခဲ့ပေမယ့်လည်း တရုတ်အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံတကာသံတမန်တွေကို အသိပေးထားတယ်လို့ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ BBC သတင်းဌာနကတော့ ဗိုလ်ချုပ်ကြီးဂွမ်မော် ဖြေတာကို အပြည့်အစုံဖော်ပြမှုမရှိဘဲ “ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ “NSPNC (ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ) က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီအကြောင်းကို တင်ပြပေမဲ့ တပ်ချုပ်က ဗန်းမော်မှာ တိုက်ပွဲ ပြင်းထန်နေလို့ ပြီးမှပဲ ပြောရအောင်ဆိုပြီး ပယ်ချလိုက်တယ်လို့ကြားတယ်” လို့ ပြောတာကို အထူးဖော်ပြခဲ့တာ တွေ့ရပြီး ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က “Q&A ကို ဘာကြောင့် အပြည့်အစုံမဖော်ပြတာလဲ။”လို့ BBC ပို့စ်အောက် မေးချိန်မှ အနည်းငယ်ဖြည့်စွက်ဖော်ပြခဲ့တာတွေ့ရသလို ပို့စ်တွေတင်ရင် ကွန်းမန့်ပိတ်တင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်ကိုလည်း သူ့မန့်အောက်မှာ ဝိုင်းဆဲနေကြတာ တွေ့ရပါတယ်။
တကယ်တော့ KIO/KIA ဟာ မြန်မာတစ်နိုင်ငံလုံးကို စစ်မီးတောက်စေပြီး စစ်ကိုင်းကို မွမွကြေစေခဲ့တဲ့အဖွဲ့ပါ။ သံဃာတွေ အများဆုံးသတ်ဖြတ်ခံရတဲ့စစ်ကိုင်းဟာ KIA ရဲ့ Buffer Zone ဖြစ်လာခဲ့သလို ပြည်တွင်းက PDF တွေ၊ LPDF တွေဟာလည်း KIA ရဲ့ လက်နက်စက်ရုံက ခဲယမ်းတွေ အမှီသဟဲနဲ့ တိုက်ပွဲဝင်ကြပြီး NLD,CRPH,NUG,PDF နဲ့ EAOs တွေကို ထောက်ခံ ဆန္ဒပြသူတွေရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဆိုတဲ့စကားကလည်း ၂၀၂၁ မေလလောက်ကစ ဆန္ဒပြသူတွေရဲ့ ဒီနေ့အထိ တည်တံ့နေတဲ့ဆောင်ပုဒ်ပါ။ ဒါကြောင့် ဒီဆောင်ပုဒ်အတိုင်း EAOs တွေဟာ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ပြည်သူတွေက တကယ်ယုံခဲ့ကြသူတွေပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ MNDAA ဟာ တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးပြီး ကိုယ့်ဒေသကိုယ်ပြန်ရောက်ဖို့အထိ ဆုတ်ဖို့ စိုင်းပြင်းနေရပြီဖြစ်သလို TNLA ကလည်း တပ်မတော်နဲ့ ညှိနှိုင်းလိုက်၊ တင်းခံနေလို့ နောင်ချိုနဲ့ မတ္တရာပြန်ပေးရပြီး တခြားလုယက်ထားတဲ့နယ်မြေတွေ နေ့စဥ်ရက်ဆက် ဗုံးကြဲခံနေရတာပါ။ လူမှုကွန်ရက်သတင်းတွေမှာလည်း NUG ဝန်ကြီးတွေ ပြည်တွင်းပြန်ဝင်လာတာဟာ တပ်မတော်နဲ့ ညှိနှိုင်းဖို့ဆိုတာမျိုး စကားတွေ တွေ့ရသလို NUG ကိုယ်တိုင်လည်း အာဆီယံရဲ့ကြားဝင်မှုအောက်မှာ တပ်မတော်နဲ့ ညှိနှိုင်းဖို့ဆိုတာမျိုး မြင်ကြားနေရချိန်မှာ PDF တွေ LPDF တွေရဲ့ ခေါင်းကိုင်ဖခင် KIA ဆီကကို တပ်မတော်နဲ့ ညှိနှိုင်းမယ်ဆိုပြီး သွေးကြွေးလည်း ဆွေးနွေးရမယ်အချိုး ချိုးလာတာပါ။ ဒီအပေါ်မှာ ကချင်ပေမဲ့ ဗမာစကားကို ရေလည်တဲ့ မြန်မာပြည်တွင်းဘွဲ့ရ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ဟာ ကလေးတွေ ရန်ဖြစ်ပြီး ပြန်ခေါ်ချိန် ငြင်းသလိုမျိုး ကလေးကလားနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးစခေါ်တာမဟုတ်ပါဘူး။ တပ်ကပါ။ ဒါပေမဲ့ သူတို့က အွန်လိုင်းပေါ်က ခေါ်လို့ ကျွန်တော်တို့က မြေပြင်တွေ့ချင်တာလို့ လှည့်ပတ်ပြောနေတာမြင်ရပြီး အရင်းစစ်ရင်တော့ တပ်မတော်နဲ့ KIO/KIA တောင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လုပ်နေပြီဆိုတာပါ။ ဒါတွေဟာ ဘာကို ပြနေတာလဲဆိုရင် လူထုကို “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”စပြီး ဂျင်းထည့်ခဲ့တဲ့ NUG နဲ့ PDF တွေကို မွေးထုတ်ပေးနေသူတွေတောင် သူတို့ရထားတဲ့ နယ်မြေ၊ သယံဇာတ၊ ဩဇာမဆုံးရှုံးဖို့ တပ်မတော်နဲ့ညှိဖို့ ကြိုးပမ်းနေချိန်မှာ ဘာလက်နက်မှာလည်းမရှိဘဲ NLD,CRPH,NUG,PDF နဲ့ EAOs တွေက ကောင်းမွန်တဲ့ လက်နက်ကိုင်ဖြစ်လာပြီး ကယ်တင်နိုးနိုး ကြည့်နေရင်း အချိန်တွေ၊ ငွေတွေ၊ ဘဝတွေ ပုံပေးပြီး နိုင်ငံနဲ့ ပြည်သူတွေကို စတေးနေသူတွေဟာ ဘာမှဖြစ်မလာတဲ့ လိမ်တိုက်နေတဲ့ စစ်ပွဲတွေ အားမပေးတော့ဘဲ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဒီမိုကရေစီကို ပြန်သွားပြီး လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီကို ဆင့်ကဲ့တိုးတက်မှုနဲ့ သွားရပါမယ်။ တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဖို့ ကြိုးပမ်းတဲ့ ဒီငါးနှစ်ဟာ နိုင်ငံနဲ့ပြည်သူ သေကြေပျက်စီးတဲ့ ဆိုးကျိုးလည်းရခဲ့သလို လက်နက်ကိုင်လိုက်ရင် ဘယ်သူမှမကောင်းဘူးဆိုတဲ့ အသိတရားလည်းရ၊ တော်လှန်ရေးအကြောင်းပြပြီး ငွေရှာကြသူတွေ အကုန်ချမ်းသာတာလည်း မြင်ကြ၊ PDF တွေ EAOs တွေရဲ့ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ၊ မူးယစ်ဆေးဖြန့်တာတွေ၊ သယံဇာတခိုးထုတ်ကြတာလည်း မြင်ရ၊ သွေးကြွေးလည်း ဆွေးနွေးမှာပဲဆိုတာ တွေ့ကြရပြီမို့ ဒီလို စိတ်ပျက်စရာခိုးဆိုးလုနှိုက်တော်လှန်ရေးအစား အမြန်ဆုံးဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်မယ့် ရွေးကောက်ပွဲကိုပဲ ထောက်ခံလိုက်တာ အကောင်းဆုံးပါ။

◾ ကိုယ့်လူမုဒိမ်းမှုကိုယ်ညှာတဲ့ ‘၀’ လက်နက်ကိုင် UWSA
လူသတ်၊ လုယက်၊ မုဒိမ်းမှုတွေကို အခြားသူကျူးလွန်တယ်ဆို လူမြင်ကွင်းမှာကို သေဒဏ်ချတဲ့ ‘ဝ’ လက်နက်ကိုင် UWSA က သူ့ လက်အောက်ခံ ဟိုပန်ခရိုင်မှူးနဲ့ အပေါင်းအပါတွေ သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုလေးမှုကျူးလွန်တာကိုတော့ သေဒဏ်မပေးသလို နှစ်ရှည်ထောင်ဒဏ်လည်းမပေးဘဲ ငွေဒဏ်နဲ့ ထောင်ဆယ်နှစ်သာချလိုက်ပါတယ်။
UWSA ထိန်းချုပ်ထားရာကနေ ‘ဝ’သတင်းတွေဖော်ပြနေတဲ့ ‘ဝ’ လူငယ့်အသံက UWSA ဟာ သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ဟိုပန်ခရိုင်မှူး တာ့ညီလင်းနဲ့ အပေါင်းအပါတွေကို ဩဂုတ် ၁၆ ရက်မှာ ဟိုပန်မြို့၊ ယဥ်ကျေးမှုကွင်းထဲ တရား စီရင်ခဲ့ပါတယ်။ ဒီလို စီရင်ရာမှာ ကျူးလွန်သူ ဟိုပန်ခရိုင်မှူး တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အပါအဝင် အမျိုးသမီးငယ် (၄) ဦးကို မုဒိန်းကျင့် စော်ကားခဲ့ရာမှာ မုဒိမ်းမှုမြောက်တဲ့ အမျိုးသမီးငယ်နှစ်ဦးကို လျော်ကြေး ယွမ်တစ်သိန်းဆီနဲ့ မုဒိမ်းမှုမမြောက်ပေမဲ့ လိင်စော်ကားခံရတဲ့ အမျိုးသမီးနှစ်ဦးကို ယွမ်ငါးသောင်းဆီလျော်ကြေးပေးခိုင်းပြီး စုစုပေါင်း လျော်ကြေး ယွမ်သုံးသိန်းနဲ့ ထောင် ဆယ်နှစ်သာ ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကျူးလွန်သူနဲ့ ထပ်တူအပြစ်ပေးရမယ့် ဟိုပန်က ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် တို့ကိုလည်း လက်ရှိရာထူးတွေက လျှော့ချမှုနဲ့သုံးလစီ အနားပေးမှုသာ အရေးယူလိုက်တယ်လို့ သိရပါတယ်။
MT News ရဲ့ သတင်းမှတ်တမ်းတွေအရ UWSA ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာကစပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် လူ ၁၃ ဦးထက်မနည်းကို မုဒိမ်း၊ လူသတ်၊ ဓားပြတိုက်မှုတွေနဲ့ သေဒဏ်နဲ့ ထောင် တစ်သက်တစ်ကျွန်းပေးခဲ့ပေမဲ့ UWSA ရဲ့ လူရင်းဖြစ်တဲ့ ဟိုပန်ခရိုင်မှူး တာ့ညီလင်းရဲ့ ကြံရာပါတွေရဲ့ မုဒိမ်းမှူလေးမှုကို သက်သက်ညှာညှာအမိန့်ချတာကိုတော့ လူမှုကွန်ရက်မှာ ရှုတ်ချဝေဖန်နေပြီး Wa News Land သတင်းအောက်မှာ Thein Zaw Aung အကောင့်ပိုင်ရှင်က “ခိုးတာကြတော့ သေဒဏ်ပေးတယ်။ အသက် မပြည်သေးတဲ့မိန်းကလေးနဲ့ တခြားမိန်းကလေးတွေ မုဒိန်းကျင့်တာကို ငွေနဲ့ လျော်တယ်။ ၁၀ နှစ် ထောင်ဒဏ်တဲ့။ တရားလိုက်တာ ဝလူကြီးရယ်။ မျက်စိတစ်ဖက် / နားတစ်ဖက်စီပဲ ပါတာလားကွာ။ အဲ့နေရာမှာ တခြားသူဖြစ်ရင် သေမိန့်ချမယ်ဆိုတာ သိသာနေပါတယ်။ သက်ငယ်မုဒိန်း”လို့ မှတ်ချက်ပြုထားသလို Mg Mg Kyaw အကောင့်ပိုင်ရှင်ကလည်း သက်ငယ်မုဒိမ်းတရားခံ တာ့ညီလင်းဟာ “ဝ” ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူဖြစ်ကြောင်း သိရပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် တာ့ညီလင်းရဲ့ သက်ငယ်မုဒိမ်းမှုသတင်းကို ပြန်လည်ဖော်ပြတဲ့ BBC Burmese သတင်းအောက်မှာလည်း Win Tun Htwe ဆိုသူက “ဗမာပြည်မှာတောင် ထောင်ဒဏ်တစ်သက်ပဲ။ မင်းတို့ဆီမှာ တခြားသူတွေကျတော့ လူမြင်ကွင်းမှာ ပစ်သတ်နေပြီးတော့ သက်ငယ်မုဒိန်း+အရွယ်ရောက်မုဒိန်း+ Sexual harassment ကို ဆယ်နှစ်ဆိုတော့ ဈေးပေါလိုက်တာကွာ”လို့ ဝေဖန်ထားသလို Aung Lwin အကောင့်ပိုင်ရှင်ကလည်း “သူပုန်အဖွဲ့တွေထဲမှာ ဖြုတ်ထုတ်သတ် လမ်းစဉ်တွေ များတယ်။ ငါနဲ့မတူ ငါ့ရန်သူ။ တကယ် မုဒိမ်းကျင့်တဲ့ကောင်တွေ ဘာမှ မဖြစ်။ တကယ် မကျင့်တဲ့လူတွေ အသတ်ခံသွားရတာ မျက်မြင်ကိုယ်တွေ့တွေ။ သူတို့ ခေါင်းဆောင်တွေကိုယ်တိုင်က ဘယ်လောက် ရိုးသားကြလို့လဲ”လို့ မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။
တကယ်တော့ မြန်မာပြည်က လက်နက်ကိုင်တွေထဲမှာအပြည်ပြည်ဆိုင်ရာ စစ်စည်းကမ်းတွေလိုက်နာရပြီး မလိုက်နာတာနဲ့ ခုံရုံးတင်ခံရတဲ့ တာဝန်သိလက်နက်ကိုင်အဖွဲ့အစည်းဟာ တပ်မတော်တစ်ခုပဲ ရှိနေတာပါ။ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာတရားရုံးတွေဟာ တပ်မတော်ကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေပြီး တပ်မတော်နောက်မှာ ဒုတိယအင်အားအကောင်းဆုံးဖြစ်တဲ့ UWSA, KIA, KNU, PDF, AA,MNDAA, TNLA စတဲ့အဖွဲ့တွေရဲ့ ကျုးလွန်မှုကို မျက်စိပိတ်နားပိတ်နေကြတာများပါတယ်။ ဒါ့ကြောင့် UWSA လို အဖွဲ့အစည်းဟာ သူ့ဒေသမှာ သူ့လူမဟုတ်ရင် သေဒဏ်ပေးတာမျိုး ထင်တိုင်းကြဲလုပ်နေတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး သူ့ဒေသလာရင် ဝင်ခွင့်ထွက်ခွင့်ကတ်လုပ်ခိုင်းတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်ကနေ ကျော်လွန်ပြီး ကိုယ့်ကိုယ်ကိုယ် “ဝ”ပြည်နယ်လို့ သုံးနေတာမျိုးတွေ လုပ်နေတာပါ။ PDF တွေကလည်း ထိုနည်းနှင်နှင် လူထုထောက်ခံတယ်ဆိုတဲ့အားကိုယူပြီး မုဒိမ်း၊ လူသတ်၊ လုယက်၊ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်တာ၊ မူးယစ်ဆေးဖြန့်တာ လွယ်လွယ်လုပ်နေတာကို NUG က အရေးမယူတာ တွေ့မြင်ကြရပြီဖြစ်သလို UWSA ကလည်း ကိုယ့်လူကျူးလွန်ရင် ထိထိရောက်ရောက် အရေးမယူတာ တာ့ညီလင်းအမှူမှာ မြင်ရပါတယ်။ UWSA နဲ့ NUG က ကိုယ့်လူကျုးလွန်ရင် အရေးမယူဘူးဆိုတာ လတ်တလောဖြစ်တဲ့ UWSA က တာ့ညီလင်းနဲ့ NUG ကဆို NLD အမတ်နဲ့ ပကဖခေါင်းဆောင် မြင့်ဇော်ဦး မုဒိမ်းမှုလိုမျိုးအမှုတွေ၊ CDF ဟားခါးဖမ်းပြတဲ့ ယင်းမာပင်တပ်ရင်း (၁၅) က ဘီလျံချီ မူးယစ်ဆေး အမှုတွေ၊ AA ဆိုလည်း မုဒိမ်းမှုတွေ အရေးမယူတာ စတဲ့ လက်နက်ကိုင်အားလုံးရဲ့ ပုံစံတူ ကျူးလွန်မှုတွေ မြင်ရမှာဖြစ်ပြီး ဒီလက်နက်ကိုင်တွေရဲ့ ဒဏ်ကို အခုအချိန် ရင်စည်းခံနေရတာကတော့ သူတို့ကို လှူခဲ့တဲ့ပြည်သူတွေပဲလို့ ပြောရမှာဖြစ်သလို နောက်ဘုန်းကြီးနှစ်ချက်ခေါက်ပေမဲ့ မအော်ရဲလို့ အံ့ကြိတ်ငုံ့ခံနေကြတာလည်း သနားစရာပါပဲ။
◾ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ဖြစ်တည်လာမယ့် တစ်ကျော့ပြန် ဒီမိုကရေစီနိုင်ငံသစ်အတွက် ပထမဆုံးခြေလှမ်း ရွေးကောက်ပွဲ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ကြောင်းနဲ့ ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC)က ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။
ကြေညာချက်တွေအရ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို FPTP နဲ့ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၃၃၀၊ FPTP နဲ့ PR စနစ်နှစ်မျိုးနဲ့ ကျင်းပမယ့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၁၀၊ MMP (Mixed Member Proportion System) နဲ့ ကျင်းပမယ် တိုင်းနဲ့ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၃၆၄ ခုနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခုတို့နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေရာမှာ မူလ လျာထားချက်ဟာ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေ ၂၆၇ နေရာဖြစ်ပြီး အခု တစ်နိုင်ငံလုံး မဲဆန္ဒနယ်မြေသတ်မှတ်လို့ ပြည်ပပြေးမီဒီယာတွေနဲ့ စစ်ရေးအကြောင်း နားမလည်သူတွေက လှောင်နေကြပေမဲ့ KIA လို လက်နက်ကိုင်တွေတောင် မလှောင်ရဲဘဲ တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးပမ်းနေတာပါ။ ဘာလို့ ဆွေးနွေးနေလဲဆိုရင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ နယ်မြေအေးချမ်းစေဖို့၊ နှောင့်ယှက်ဖျက်ဆီးမယ့် လက်နက်ကိုင်ကင်းဝေးအောင်လုပ်ဖို့ဟာ တပ်မတော်တာဝန်ဖြစ်လို့ လာမယ့် ဒီနေ့ဒီအချိန်ကစပြီး EAOs တွေ PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ့် တပ်မတော်ရဲ့ အစွမ်းကုန်ဆုံးမမှု ခံရတော့မယ်ဆိုတာသိလို့ KIA လိုအဖွဲ့ကတောင် ကိုယ့်ဘက်မထိခိုက်ဖို့ ညှိဖို့ ကြိုးစားလာတာမြင်ရလို့ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်နယ်မြေလို့ ကြွေးကြော်နေသူတွေအဖို့ ဘယ်အချိန်ကျလာမယ်မသိတဲ့ဗုံးကို ထိုင်စောင့်နေရတာမျိုး ဖြစ်လာပါလိမ့်မယ်။
ရွေးကောက်ပွဲဟာဖြစ်အောင်လုပ်ပြီးရင် အာဏာလွှဲပြီးရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကမ္ဘာက အသိအမှတ်ပြုပေးရမယ့်အစိုးရတစ်ရပ်ပေါ်လာမှာဖြစ်လို့ ဖြစ်ဖို့လိုရင်းပဲ ဖြစ်ပြီး မဲဘယ်လောက်ပေးမှ၊ အမတ်ဘယ်လောက်ရှိမှဆိုတဲ့ ကန့်သတ်ချက်သေးသေးကလည်း စိတ်ပူစရာမဟုတ်ပြန်ပါဘူး။ ဒါ့အပြင် မဲဆွယ်မယ့် အမတ်လောင်းတွေ၊ မဲပေးမယ့်သူတွေကို အပြင်းအထန်ကာကွယ်ပေးထားပြီး သေဒဏ်အထိပေးနိုင်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေလို ဥပဒေတွေ၊ ရွေးကောက်ပွဲ မဲမပေးအောင် လှုံဆော်သူတွေကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန် တရားစီရင်ဖို့ လုပ်မှာတွေကြောင့် ဒီရွေးကောက်ပွဲသာ အောင်မြင်ခဲ့မယ်ဆိုရင် ခန့်မှန်းခြေအရ ပြည်သူ့လက်ထဲကို အာဏာသုံးရပ်ဟာ ၂၀၂၆ ခုနှစ် ဧပြီလလောက်မှာ ပြန်ရလာမှာပါ။ ဒီပြန်ရလာမယ့်နောက်မှာ တပ်မတော်ကိုရော အစိုးရကိုပါ ပြည်သူလူထုက ဝေဖန်ထောက်ပြခွင့်ပြန်ရလာမှာဖြစ်သလို နိုင်ငံရေးအပြောင်းအလဲနောက်မှာ အခုကာလအကျပ်အတည်းတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပြေလျော့မယ့် အနေအထား မြင်နေရချိန်မှာ ဘာကြောင့်မို့လို့ အလှူငွေခိုး၊ ကိုယ်ကျိုးရှာနေတဲ့ လက်နက်ကိုင်တွေကို ထောက်ခံကြမလဲဆိုတာ မေးခွန်းထုတ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
