
၁၈.၈.၂၀၂၅
Written by Hey Mar
ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှာ အမျိုးသားတစ်ဦး ခေါ်မရ၊ နှိုးမရဖြစ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ အကူအညီတောင်းခံလာလို့ မြေပြင်ရောက်ရှိ ကူညီစဉ် အဆိုပါလူမှာ သေဆုံးနေတဲ့ဖြစ်စဉ် ဩဂုတ် ၁၈ ရက် ည ၈ နာရီ မိနစ် ၃၀ ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလပန်းခြံရှေ့ ယာဥ်ရပ်နားတဲ့နေရာမှာ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်း – ရန်ကုန်ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလပန်းခြံရှေ့ ယာဥ်ရပ်နားတဲ့နေရာမှာ ကိုယ်ပိုင်ယာဥ်တစ်စီးပေါ် အမျိုးသားတစ်ဦး မေ့မြောပြီး သတိမလည်တာကြောင့် တာဝန်သိပြည်သူတချို့က မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပန်းဘဲတန်းစခန်းရုံး(ကျောက်တံတားခရိုင်)ဆီ လာရောက်အကူအညီတောင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာဆီ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့အတူ လူမှုကူညီရေးအသင်းတွေက ရောက်ရှိကူညီစဉ် အဆိုပါ အမျိုးသားကို မြေပြင်ပြုစု စစ်ဆေးကြည့်ရာ ကွယ်လွန်နေတယ်လို့ ယူဆရတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တာဝန်ရှိသူတွေက ရဲလုပ်ငန်းစဉ်အရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီး ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ဖို့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံဆီ လူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ မိသားစု ဆွေမျိုးသားချင်းတွေကိုလည်း ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ကြောင်း YRO က ဖော်ပြထားပါတယ်။
