၁၈. ၈. ၂၀၂၅
Written by Nyein Kyaw
ပြင်ဆင်၍ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများအား ပြင်ဆင်ဆောင်ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်းနှင့် ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်သွားမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသားယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားသည်။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့တစ်ဆင့် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်းများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲစတင်ကျင်းပပြုလုပ်မည်ကို ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အချို့ပြင်ဆင်၍ရသည်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ခြင်းကို တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါ တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်၏တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်၌ အနိုင်ရရှိသည့်ပါတီမှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းပါဝင်၍ နိုင်ငံ့အရေးဆောင်ရွက်ပေးခြင်း၊ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင်သာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သားများအားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်စိမ်များ လုံခြုံစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပချိန်၌ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ချိန်တွင် နိုင်ငံတော်၏ အကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသည့်သူများ ဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲများအား မပျက်မကွက်ပေး၍ နိုင်ငံသားကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်၌ လာရောက်လေ့လာဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့်အစိုးရသည် နိုင်ငံတော်၏အကျိုးကို အမှန်တကယ် ထမ်းဆောင်နိုင်သည့် အစိုးရဖြစ်အောင် မိမိတို့အနေဖြင့်ကြိုတင်၍ ပြင်ဆင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
