
၁၈.၈.၂၀၂၅
Written by Thiri
မြန်မာ့လက်ရွေးစဉ် ဘော်လီဘောအားကစားသမား ကိုကောင်းညွန့်ဝေအတွက် ဂျာမနီသံရုံးကနေတစ်ဆင့် ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က အထူးဆိုတ်ဖိနပ်တစ်ရံကို ဖန်တီးပြုလုပ်ကာ လက်ဆောင်အဖြစ် ပေးပို့ခဲ့ပါတယ်။
ကိုကောင်းညွန့်ဝေဟာ အရပ် ၇ ပေ ၁ လက်မရှိပြီး ဖိနပ်ဆိုဒ်က နံပါတ် ၅၂ မို့ သူ့အတွက် သီးသန့် အော်ဒါချုပ်လုပ်တဲ့ ဖိနပ်တွေကိုသာ အသုံးပြုခဲ့ရသူပါ။ ဒါကြောင့်လည်း ကိုကောင်းညွန့်ဝေကို ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က သူ့အတွက် စိတ်ကြိုက်ဒီဇိုင်းပြုလုပ်ပေးထားတဲ့ ဖိနပ်အသစ်တစ်ရံကို ပေးပို့ပေးခဲ့တာပါ။

“မနှစ်က ကိုကောင်းညွန့်ဝေအတွက် Georg Wessels က အထူးဆိုတ် ဖိနပ်တစ်ရံ ဖန်တီးပေးပေမယ့် သူနဲ့ အဆင်မပြေတဲ့အတွက် ကျွန်မတို့က ဂျာမနီကို ပြန်ပို့ပြီး ပြန်လည်ပြင်ဆင်စေခဲ့ပါတယ်။ အခု အောင်အောင်မြင်မြင် ပြင်ဆင်ပြီးပြီမို့ ကိုကောင်းညွန့်ဝေဆီ ပြန်လည်ပေးအပ်တာပါ။” လို့ သံရုံးက သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူထံ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
Georg Wessels ဟာ ကမ္ဘာတစ်ဝှမ်းလုံးက အရပ်ရှည်သူတွေအတွက် အရွယ်အစားကြီးတဲ့ ဖိနပ်တွေကို ထုတ်လုပ်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူတွေအတွက် အထူးဖိနပ်တွေကို ပံ့ပိုးပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
