၁၉. ၈. ၂၀၂၅
Written by Hey Mar
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ခြံဝန်းကျယ်ထဲမှာ မနေ့က သြဂုတ်လ ၁၈ ရက် ညနေပိုင်းက သေဆုံးနေတဲ့ပိုင်ရှင်မဲ့ အမျိုးသားအတစ်ဦးရဲ့ ရုပ်အလောင်းကို ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရကြောင်း မြစ်ကြီးနား အခြေစိုက် ဧရာဝတီလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ အမျိုးသားရုပ်အလောင်းတွေ့ရှိရတဲ့နေရာက မကြာခဏ မူးယစ်ဆေးဝါးအသုံးပြုသူတွေ လာရောက်လေ့ရှိတဲ့ ဝန်းခြံ လုံခြုံအောင်ခတ်မထားတဲ့ ကြက်ခြေနီခြံဝန်းအစိတ်အပိုင်းလို့ သိရှိရပြီး သေဆုံးသူအမျိုးသားမှာလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးဖွယ်ရှိကြောင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
“အပ်တော့ မတွေ့ရဘူး။ ဆေးထိုးအပ်ထည့်တဲ့ အိတ်ခွံတွေ့ရတယ်။ အလောင်းသယ်တဲ့ ကလေးတွေတောင် သတိပေးဖြစ်သေးတယ်။ AIDS ရှိနိုင်တယ်ပေါ့။ ကိုင်တဲ့အခါ သေချာဂရုတစိုက်ကိုင်တွယ်နိုင်အောင်ပေါ့။ ဒီခြံဝန်းလည်း သက်ဆိုင်ရာက သေချာခြံခတ်ရင်လည်း ခတ်သင့်တယ်။ အခုက မူးယစ်ဆေးသမားတွေ နေရာကောင်းဖြစ်နေတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူမှာ ခန့်မှန်းအသက် (၂၅) နှစ်ခန့်လို့ ခန့်မှန်းရပြီး ပိုင်ရှင်မပေါ်တာကြောင့် ပိုင်ရှင်မဲ့ သေဆုံးမှုအဖြစ် ဧရာဝတီလူမှုကူညီရေးအသင်းကပဲ ရာဒါကောင်းသုသာန်ဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
အဆိုပါ ကြက်ခြေနီ ခြံဝန်းထဲ အိမ်ခြေရာမဲ့တွေ လာနေကြတာ၊ မသမာသူနဲ့ ဆေးသမားတွေ အုပ်စုဖွဲ့နေတာမျိုးဖြစ်လို့ မကြာခဏ သက်ဆိုင်ရာတာဝန်ရှိသူကို ခေါ်ယူပြီးမောင်းထုတ်ရကြောင်းလည်း မြစ်ကြီးနားဒေသခံတချို့က ဆိုပါတယ်။



