၁၉.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိက တရုတ်နိုင်ငံဘက်က အိန္ဒိယနိုင်ငံက အများဆုံးလိုအပ်နေတဲ့ ဓာတ်မြေဩဇာတွေ၊ မြေရှားသတ္တုတွေနဲ့ လိုဏ်ခေါင်းဖောက်လုပ်စက်တွေကို ထောက်ပံ့မှုကို မကြာမီ ပြန်လည်စတင်သွားမယ်လို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျေရှန်ကာကို ဩဂုတ်လ ၁၈ ရက်က ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း အင်အားကြီးနှစ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့ ကြိုးစားမှုတွေက ဒီခရီးစဉ်မှာ နှစ်ဖက်အပြုသဘောဆောင်တဲ့ရလဒ်ကို ဖြစ်စေခဲ့တယ်လို့ဆိုရမှာပါ။
အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျေရှန်ကာကလည်း အိန္ဒိယနိုင်ငံရဲ့ တရုတ်တိုင်ဝမ်နဲ့ပတ်သက်လို့ ရပ်တည်ချက်က ပြောင်းလဲမှုမရှိဘူးလို့ ဝမ်ရိကို ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် သူက ကမ္ဘာ့နိုင်ငံတွေလိုပဲ အိန္ဒိယဟာလည်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေအတွက် သံတမန်ဆက်ဆံရေး ကို ထိန်းသိမ်းထားတယ်လို့လည်း ပြောခဲ့ပါတယ်။

ပြည်ပရေးရာဝန်ကြီး အက်စ်ဂျေရှန်ကာက တရုတ်နိုင်ငံအနေနဲ့ ယူရီးယား၊ NPK နဲ့ DAP တို့လို ဓာတ်မြေဩဇာတွေ၊ မြေရှားသတ္တုတွေနဲ့ လိုဏ်ခေါင်းတူးဖော်စက်တွေထောက်ပံ့ဖို့ဆိုတဲ့အရာကိုတော့ ဂျေရှန်ကာက ဩဂုတ်လ ၁၉ ရက်မှာကျင်းပမယ့် အထူးကိုယ်စားလှယ် ဆွေးနွေးပွဲမှာ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်လ်က ထည့်သွင်းဆွေးနွေးမှာ ဖြစ်လို့ဆိုပြီး အဆိုပါဆွေးနွေးပွဲမှာ မထည့်သွင်းခဲ့ပါဘူး။ ဝန်ကြီးဝမ်ရိဟာ ဩဂုတ်လ ၁၉ ရက်ညနေပိုင်းမှာ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ တွေ့ဆုံမှာပါ။
ဆွေးနွေးပွဲတွေဟာ ရင်းရင်းနှီးနှီးဖြစ်နေကြသလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့လွှမ်းမိုးနေသော မူဝါဒတွေကို ကြုံတွေ့နေရတဲ့ နှစ်နိုင်ငံအဖို့ ပိုမိုနီးကပ်လာရန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်။
ယေဘုယျယုံကြည်ချက်ကတော့ အမေရိကန်ရဲ့မူဝါဒတွေနဲ့ဆုံးဖြတ်ချက် တွေက အိန္ဒိယနဲ့ တရုတ်နှစ်ဘက်စလုံးကို ပစ်မှတ်ထားမှာဖြစ်ပြီး မသေချာမရေရာမှုတွေကို ကျော်တက်နိုင်စေဖို့ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ၃၀ ရာခိုင်နှုန်းနီးပါး အိန္ဒိယကို ထောက်ပံ့ပေးနေပြီး မော်တော်ယာဥ်အစိတ်အပိုင်းများအတွက် မြေရှားသတ္တုနဲ့ လမ်းနဲ့ မြို့ပြအခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မြေအောက်စက်တွေ ထောက်ပံ့ပေးမှာပါ။
ဂျေရှန်ကာနဲ့ ဝမ်ရိတို့ရဲ့ အစည်းအဝေးမှာ နယ်စပ်ဆိုင်ရာအကြောင်းအရာတွေမပါဝင်ခဲ့ပေမယ့် အထူးကိုယ်စားလှယ် ဆွေးနွေးပွဲမှာ အမျိုးသား လုံခြုံရေး အကြံပေး အဂျစ် ဒိုဗယ်လ်က ထိလွယ်ရှလွယ် ခေါင်းစဉ်နဲ့ ၃,၄၈၈ ကီလိုမီတာရှိ လက်တွေ့ ထိန်းချုပ်ရေးလိုင်း (LAC) ပေါ်ရှိ တပ်ဖွဲ့အင်အားတွေ လျှော့ချရေးအတွက် အဓိကအာရုံစိုက်ကာ ဆွေးနွေးသွားမယ်ဆိုပါတယ်။
Ref- Hindustan Times
