၁၆.၈.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ခိုင်ဘာပက်တွန်ကွာပြည်နယ်အတွင်းတွင် ဩဂုတ်လ ၁၅ ရက် ညက မိုးသည်းထန်စွာရွာသွန်းမှုမှ ညတွင်းချင်းမှာပင် ရုတ်တရက် ရေလွှမ်းမိုးမှုများဖြစ်ခဲ့ရာ အိမ်များမှာလည်း ရေကြီးမှုနှင့် မြေပြိုမှုများ ကြောင့် ပျက်စီးပြိုလဲကာ သေဆုံးသူဦးရေ အနည်းဆုံး ၃၀၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဩဂုတ် ၁၆ ရက်တွင် ပြောခဲ့ကြသည်။
ပါကစ္စတန်နိုင်ငံအနေနှင့်လည်း ပုံမှန်ထက်လွန်ကဲသော မိုးရွာသွန်းမှုများနှင့် ကြုံတွေ့ရလျက်ရှိရာ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကိုလည်းဖြစ်စေခဲ့ပြီး ကျွမ်းကျင်ပညာရှင်များက ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည်ဟု သုံးသပ်ကြသည်။ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ ဇွန်လ ၂ ရက်မှစ၍ ထိုကဲ့သို့သော သဘာဝဘေးဆိုးများကြောင့် သေဆုံးရသူမှာ ၅၄၁ ဦးရှိသွားပြီဟုလည်း သိရသည်။
ဩဂုတ်လ ၁၅ ရက်က ခိုင်ဘာပက်တွန်ကွာပြည်နယ်အတွင်း ညတွင်းချင်းရေလွှမ်းမိုးမှုများဖြစ်ပွားရာ ခရိုင်များအနက် တစ်ခုဖြစ်သည့် ဘူနာခရိုင်တွင် ရာနှင့်ချီသော ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားရှာဖွေနေဆဲဖြစ်သည်ကိုတွေ့ရသည်။ ခရိုင်အတွင်းသည်းထန်စွာရွာသွန်းနေသော မိုးများအပြင် မိုးပုဆိန်ခေါ် ဒလဟော ရွာသွန်းသောမိုးများက အိမ်အများအပြားကို မျောပါသွားစေခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ တွေ့ရှိချက်များအရ ဘူနာခရိုင်၌ပင် သေဆုံးသူ အနည်းဆုံး ၁၈၄ ဦးအထိရှိပြီဟုလည်း သိရသည်။
ဘူနာခရိုင်အတွင်း ပါးဘာဘာမြို့နေ အသက် ၅၃ နှစ်ရှိ မိုဟာမက်ခန်း ဆိုသူတစ်ဦးက “ရေလုံးကြီးတွေ ညဘက်မှာ ဘယ်ကနေရောက်လာတယ်ဆိုတာ မသိလိုက်ဘူး။ အရှိန်ကလည်းအရမ်းမြန်တော့ အတော်များများမှာ သူတို့အိမ်တွေကနေ ထွက်ပြေးဖို့ အချိန်မရကြတော့ဘူးဖြစ်ကုန်တယ်” ဟု ပြောခဲ့သည်။
ဆရာဝန်တစ်ဦးဖြစ်သော မိုဟာမက်တာရစ်က “လူအများစုက ဆေးရုံမရောက်ခင် သေဆုံးကုန်ကြတယ်။ သေဆုံးသူတွေမှာ ကလေးတွေနဲ့ အမျိုးသားတွေ အများအပြားပါတယ်။ အမျိုးသမီးတွေက ထင်းရှာဖို့နဲ့ လွှတ်ကျောင်းထားတဲ့ကျွဲနွားတွေပြန်ထိန်းဖို့ တောင်ကုန်းတွေပေါ်ရောက်နေကြတယ်” ဟု ပြောကြားခဲ့သည်။
အလားတူပင် ကီလိုမီတာ ၃၀၀ နီးပါးကွာဝေးသည့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားပြည်နယ်အတွင်း ဩဂုတ်လ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းကာရေလွှမ်းမိုးမှုများကြောင့် သေဆုံးရသူဦးရေမှာ အနည်းဆုံး ၆၅ ဦးအထိမြင့်တက်လာပြီး ၁၀၀ ဦးဒဏ်ရာရရှိ၍ ၇၅ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဩဂုတ်လ ၁၆ ရက်ကြေညာချက်များအရ သိရသည်။
Ref-AP



