၁၆. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံတွင် ရမှတ်လျှော့သည့် ဆရာမကို ထိုးနှက်တိုက်ခိုက်ခဲ့သော ကျောင်းသားအား ကျောင်းက မထုတ်ပယ်ရန် ဆုံးဖြတ်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည်။
ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီပြည်နယ်၊ နွန်ချန်းခရိုင်ရှိ ပုဂ္ဂလိကကျောင်းတစ်ခုသည် ၎င်း၏ သင်္ချာဆရာမအား တိုက်ခိုက်ခဲ့သော ၁၁ တန်း (Grade 11) ကျောင်းသားတစ်ဦးကို ကျောင်းက မထုတ်ပယ်ဘဲ အွန်လိုင်းမှတစ်ဆင့် ဆက်လက်ပညာသင်ကြားခွင့်ပြုခဲ့သဖြင့် ပြည်သူလူထု၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုဖြစ်စဥ်တွင် နွန်ချန်းခရိုင်မှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် ဩဂုတ်လ ၅ ရက်နေ့က သင်္ချာစာမေးပွဲတွင် အဖြေမှန်သော်လည်း လိုအပ်သည့်အဆင့်များ မဖော်ပြခဲ့သဖြင့် ဆရာမက အမှတ်လျှော့ရာ အမှတ် ၂၀ ပေးသည့်အနက် ၁၈ မှတ်သာ ရရှိခဲ့သဖြင့် ဆရာမ ပွန်သစ်နှင့် စကားများရန်ဖြစ်ကာ စတင်ထိုးနှက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် ဆရာမက ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ကနဦးသတင်းများအရ ကျောင်းသားသည် ကျောင်းမှ ထွက်ခွာသွားပြီဟု ဆိုခဲ့ကြသည်။ သို့သော် ကျောင်းအုပ်ကြီး ဆွမ်ဘွန်း သီပရန်စီက ကျောင်းသား၏ ကျောင်းထွက်ခွင့်တောင်းခံမှုကို ကျောင်းက ခွင့်မပြုခဲ့ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ကျောင်းသားငယ်သည် ယခုလို တိုက်ခိုက်မှုမျိုး မဖြစ်ပွားမီက ယဥ်ကျေးသိမ်မွေ့သော အပြုအမူကောင်းမွန်ခဲ့သူဖြစ်သောကြောင့် သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရန်နှင့် အနာဂတ်အတွက် လမ်းညွှန်မှုရယူရန် အခွင့်အရေးပေးသည့်အနေဖြင့် ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောင်းသားသည် အွန်လိုင်းအတန်းများကို တက်ရောက်နေပြီး ကျောင်းသို့ ပြန်လည်လာရောက်သင့်သည့်အချိန်ကို ဆုံးဖြတ်ရန်အတွက် ဘက်ပေါင်းစုံမှ ပါဝင်သည့်အဖွဲ့၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။ ၎င်း၏ မိဘများကိုလည်း စိတ်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရန် အကြံပြုထားသည်။
သို့သော်လည်း ကျောင်းသားအား အွန်လိုင်းမှပင်ဖြစ်စေ ဆက်လက်ပညာသင်ကြားခွင့်ပြုရန် ဆုံးဖြတ်ချက်က ကျောင်းသားဟောင်းများနှင့် ဒေသခံများအကြား အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ကျောင်းသားဟောင်းများအဖွဲ့တစ်ခုက ၎င်းတို့၏ Facebook စာမျက်နှာတွင် ကျောင်း၏ ဆုံးဖြတ်ချက်သည် ကျောင်းသား၏လုပ်ရပ်ပြင်းထန်မှုကို လျစ်လျူရှုထားကြောင်း၊ ၎င်းလုပ်ရပ်သည် ဆရာမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ကျောင်း၏ လုံခြုံရေးကိုလည်း ထိပါးစေကြောင်း ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်တွင် ကျောင်းသား၏ တိုက်ခိုက်မှုသည် ရာဇသတ်ကြီးဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဘတ် ၄၀,၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်ကြောင်း၊ နိုင်ငံတော် ပညာရေးအက်ဥပဒေနှင့် ပညာရေးဝန်ကြီးဌာန စည်းမျဉ်းများကိုလည်း ချိုးဖောက်ရာရောက်ကြောင်း မီးမောင်းထိုးပြထားသည်။
“ကျောင်းရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ ပြစ်မှုရဲ့ပြင်းထန်မှုကို လျစ်လျူရှုရုံသာမက ဒီလိုလုပ်ရပ်မျိုးကို ခွင့်လွှတ်နိုင်တယ်ဆိုတဲ့ မကောင်းတဲ့ သတင်းစကားကိုလည်း ပေးပို့နေပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ “ဒါက ဆရာ၊ ဆရာမတွေအပေါ် လေးစားမှုကို ပျက်ပြားစေပြီး ကျောင်းတစ်ခုလုံးရဲ့ လုံခြုံရေးကိုပါ ထိခိုက်စေပါတယ်” ဟုလည်း ဖော်ပြထားသည်။
Ref, Bangkok Post
