

MT News
၁၄. ၁၁. ၂၀၂၆
ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ကီလိုကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာသော NISSAN CONDOR အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း(ခ)မောင်လှိုင် အား ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
သတင်းကွင်းဆက်အရ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကလေးမြို့နယ်၊ ကျီကုန်းရွာအနီး၌ပင် ဇာနည်မိုး(ခ)မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း(ခ)မင်းမင်း လိုက်ပါလာသော DONG FENG အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၁၁ ဒသမ ၆၆ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် ဘိန်းဖြူများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်လှ(ခ)သော့ပြောင်း အား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင်(ခ)မောင်ပိန်အား လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂ ဒသမ ၈၁၈၆၄ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၉.၃၈ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဘိန်းဖြူများ၏ ပိုင်ရှင်ဖြစ်သူမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်နေ အားပီး(ခ)အပိ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နေလင်းထိုက်(ခ)ငပိကောင်(ဖမ်းဆီးရန်ကျန်)၊ ဟိန်းမိုးအောင်(ဖမ်းဆီးရန်ကျန်)တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးမြို့သို့ သယ်ဆောင်ကာ ၎င်းမှတစ်ဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
