၁၆.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားဆီက ရေနံဝယ်ယူမှုအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံလို နိုင်ငံတွေကို တုံ့ပြန်တဲ့အနေနဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကို လတ်တလောသတ်မှတ်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဩဂုတ်လ ၁၅ ရက်မှာ Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက နှစ်ပတ် ဒါမှမဟုတ် သုံးပတ် ဆိုရင်တော့ မပြောနိုင်ဘူးပေါ့လို့ ဆိုခဲ့ပါသေးတယ်။
ထရမ့်ပ်က ရုရှားအစိုးရကို ပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ခြိမ်းခြောက်ခဲ့ပြီး ရုရှားဆီက ရေနံဝယ်ယူတဲ့နိုင်ငံတွေကိုလည်း ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ဖို့ ဘာကြိုးစားလှုပ်ရှားမှုမှမလုပ်ခဲ့ရင် ပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ရုရှားရေနံကို အဓိကဝယ်ယူတဲ့နိုင်ငံ နှစ်နိုင်ငံလည်းဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာဆိုရင် ထရမ့်ပ်က အိန္ဒိယကုန်ပစ္စည်းတွေအပေါ် ၂၅ ရာခိုင်နှုန်း ကုန်သွယ်စည်းကြပ်ခွန် သတ်မှတ်ခဲ့ပြီး ရုရှားရေနံကို ဝယ်ယူလို့ဆိုကာ အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံ ဒဏ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ပ်က တရုတ်နိုင်ငံအပေါ်တော့ အလားတူအရေးယူမှု မပြုလုပ်သေးပါဘူး။
ရုရှားသမ္မတပူတင်နဲ့ ထရမ့်တို့ရဲ့ ဩဂုတ်လ ၁၅ ရက်ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲကို ရပ်ဆိုင်းဖို့ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ပြီးတဲ့နောက်မှာ Fox News က အခုလို မေးမြန်းခဲ့တာလို့လည်း သိရပါတယ်။
တကယ်လို့များ ထရမ့်ပ်က ရုရှားနဲ့ဆက်စပ်နေတဲ့ ပိတ်ဆို့မှုတွေနဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေ ဆောင် ရွက်မှုကို တိုးမြှင့်လာခဲ့မယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်အဖို့ နိုင်ငံရဲ ဖွံ့ဖြိုးမှုနှေးကွေးမှုနဲ့ တွေ့ကြုံလာရနိုင်ပါတယ်။
ရှီနဲ့ ထရမ့်ပ်တို့ဟာ နှစ်နိုင်ငံကြားတင်းမာမှုတွေ လျော့ကျစေဖို့အတွက် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရရှိဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဒါက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုတို့အကြား သွင်းကုန်အခွန်တွေကိုလည်း လျော့စေမှာပါ။
ဒါမှမဟုတ်ဘဲ သမ္မတထရမ့်ပ်အဖို့ ပြစ်ဒဏ်ခတ်အရေးယူဖို့ဆောင်ရွက်ချက်တွေကို အရှိန်မြှင့်လာခဲ့မယ်ဆိုရင် ရုရှားနိုင်ငံအပြင်ဘက်မှာတော့ တရုတ်နိုင်ငံက အဓိကအကြီးမားဆုံး ပစ်မှတ်လည်းဖြစ်လာဖွယ် ရှိနေပါတယ်။
Ref-Reuters
