◾ AA က ထန်းရှောက်ခံရွာမှ ဘင်္ဂါလီ ၆၀၀ ကျော်ကို သတ်ဖြတ်မှုအပြင် စစ်ဘေးရှောင်ရန် နတ်မြစ်ဘေး လှေစောင့်နေသည့် ဘင်္ဂါလီ ၂၀၀ ကျော်ကိုပါ သတ်ဖြတ်ခဲ့
◾ AA က ဘင်္ဂါလီတွေအပေါ် လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေ

နေမိုး
၁၆. ၈. ၂၀၂၅
မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်း ဘူးသီးတောင်မြို့နယ် ဘူးသီးတောင် – ရသေ့တောင် ကားလမ်းဘေးမှာရှိတဲ့ ဘင်္ဂါလီကျေးရွာတစ်ခုဖြစ်တဲ့ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာက ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို ရခိုင်အကြမ်းဖက်သောင်းကျန်းသူ AA က လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး တပ်မတော်ကို လွှဲချနေပေမဲ့ ဒီဖြစ်ရပ်ကို AA ကျူးလွန်နေချိန်မှာ တပ်မတော်ဟာ မေယုမြစ်အရှေ့ဘက်ခြမ်းမှာ မရှိတော့ကြောင်းနဲ့ ဘင်္ဂါလီတွေအပေါ် AA က လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
ရခိုင်အစွန်းရောက်လက်နက်ကိုင် ထွန်းမြတ်နိုင်ရဲ့ AA အဖွဲ့ဟာ ယမန်နှစ် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာ (ဟိုယာစီးရီးရွာ) က ဘင်္ဂါလီအရပ်သား ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ ပြင်းထန်စွာ ရှုတ်ချကြောင်း ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ မောင်ထွန်းခင်တို့ဦးဆောင်တဲ့ ARNC က ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်လာပြီး ICC အပါအဝင် နိုင်ငံတကာက စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုချိန်မှာ AA ဟာ တပ်မတော်ကို လွှဲချဖို့အတွက် လုပ်နေတယ်လို့ ဩဂုတ် ၈ ရက်မှာ ARNC ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “ထန်းရှောက်ခံကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံအထောက်အထားတွေ ထွက်လာပြီးတဲ့နောက် AA တပ်ဖွဲ့ဝင်တွေက သိမ်တောင်ရွာဘက်ကိုသွားပြီး ရွာသူရွာသားတွေကို ဖိအားပေး လက်မှတ်ထိုး ဗီဒီယိုမှတ်တမ်းတွေ ယူတယ်။ ထန်းရှောက်ခံရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ၊ ရွာမီးရှို့ခဲ့တာတွေကို AA က ကျူးလွန်ခဲ့တာ မဟုတ်ဘဲ၊ မြန်မာစစ်တပ်ကသာ ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုခိုင်းပြီး လက်မှတ် ထိုးခိုင်းတယ်၊ ပြီးတော့ ဗီဒီယိုမှတ်တမ်းလည်း ယူတယ်။ ထန်းရှောက်ခံရွာမှာရှိတဲ့ အရိုးစုတွေကိုလည်း အထောက်အထားတစ်ခုမှ မကျန်အောင် ရှင်းလင်းနေတယ်လို့ သိရတယ်”လို့လည်း AA ရဲ့ စစ်ရာဇဝတ်မှု ဖုံးဖိဖို့ ကြံဆောင်မှုကို ဖော်ထုတ်အပြီးမှာ မီဒီယာတွေမေးမြန်းချက်အရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေရှင်းလာတာဖြစ်ပါတယ်။

“ဒီနေ့မှာတော့ နိုင်ငံခြားမီဒီယာများအပါအဝင် မီဒီယာတွေမေးမြန်းနေတဲ့ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှာ ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက လူမျိုးတုံးသတ်ဖြတ်ခဲ့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောကြားသွားမှာ ဖြစ်ပါတယ်။ ထန်းရှောက်ခံရွာဆိုတာ မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းဘူးသီးတောင် – ရသေ့တောင် ကားလမ်းဘေးမှာရှိတဲ့ ဘင်္ဂါလီကျေးရွာဖြစ်ပြီး ဒေသအခေါ် ဟိုယာဆီးရီးလို့လည်း ခေါ်ကြပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးစခန်းများနဲ့ မြို့/ရွာများကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ရွာတွေမှာ တိုက်ပွဲတွေဖော်ဆောင်လာတဲ့အတွက် ဒေသတည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ဒေသခံတွေဟာ AA အကြမ်းဖက်သောင်းကျန်းသူတွေကို အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်မှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီမှာ ဘူးသီးတောင်မြို့ ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဘင်္ဂါလီလူမျိုး အင်အား ၂၀၀၀ ကျော်၊ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်၊ သန်တော်နီရပ်ကွက်များက ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဘင်္ဂါလီများ၊ ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနဲ့ ဘာဆာရာ ကျေးရွာတို့က ဘင်္ဂါလီလူမျိုးများ၊ ၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုးများဟာ ရခိုင်ပြည်နယ်က မြို့ရွာများမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ AA သောင်းကျန်းသူ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုတွေ ဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိ ရပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်က ဒေသခံလုံခြုံရေးတပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ကျန်တဲ့လုံခြုံရေးတပ်စခန်းတွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းတွေက တပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်အပြင်ကို မထွက်နိုင်တော့ပါဘူး။ ဒီဖြစ်စဉ်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ဟာ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက သိမ်းပိုက်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ထန်းရှောက်ခံရွာဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်မှာ မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့ဝင်တွေမရှိတော့ပါဘူး။ AA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ ပထမပိုင်းက တပ်မတော်ကလုပ်ကြောင်း လွှဲချခဲ့ပါတယ်။ နောက်ပိုင်းပြောတဲ့ အချိန်ကျတော့ ဒီအလောင်းတွေဟာ တပ်မတော်က အလောင်းတွေဖြစ်တယ်လို့ ပြောပြန်ပါတယ်။ သူတို့ဘက်က ပြောဆိုမှုတွေဟာ ရှေ့နောက်မညီမှုကိုကြည့်ရင် ဒီဖြစ်စဉ်ကို AA အကြမ်းဖက်သောင်းကျန်းသူတွေက ဒေသခံဘင်္ဂါလီတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ ပိုပြီးသိသာထင်ရှားစေပါတယ်။ ပိုပြီးသိသာစေတဲ့အထောက်အထားများကတော့ အစုလိုက်အပြုံလိုက် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများအပြား ပါဝင်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့ ညနေပိုင်းမှာတော့ ဘူးသီးတောင်မြို့ရဲ့ မြို့ပေါ်ရပ်ကွက်တွေက ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးကိုလိုလားတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာကိုလည်း တွေ့ရှိရသလို မြန်မာ့တပ်မတော်ရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ လုံခြုံရေးအဖွဲ့ဟာ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ဘူးသီးတောင်မြို့ကနေ ဆုတ်ခွာခဲ့ရပြီး ဒီလိုဆုတ်ခွာသွားပြီးနောက်ပိုင်း မေလ ၁၆ ရက်နေ့ ည ၉ နာရီ အချိန်လောက်မှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေဟာ ဘူးသီးတောင်မြို့ထဲ ဝင်ရောက်လာပြီး ဘင်္ဂါလီတွေကို “အိမ်တွေကနေမထွက်ရင် မီးထဲသေမယ်” ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့သလို ဘူးသီးတောင်မြို့က ရပ်ကွက် ၇ ခုနဲ့ ကျင်လတ်ကျေးရွာတို့က နေအိမ်တွေကို မီးစတင်ရှို့ခဲ့တယ်လို့လည်း ဒေသခံဘင်္ဂါလီတွေ အပါအဝင် ဒေသခံတိုင်းရင်းသားလူမျိုးတွေရဲ့ ပြောကြားချက်အရ သိရှိရတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂါလီတွေကို အငြိုးထားသတ်ဖြတ်နေတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ ထန်းရှောက်ခံရွာက ဘင်္ဂါလီ ၆၀၀ ကျော်ကို သတ်ဖြတ်မှုအပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ မောင်တောမြို့အနောက်ဘက် နတ်မြစ်ကမ်းမှာ စစ်ဘေးရှောင်ဖို့ လှေစောင့်နေတဲ့ ဘင်္ဂါလီတွေကို AA အကြမ်းဖက်သောင်းကျန်းသူ ထိန်းချုပ်ထားတဲ့ ရွှေဇားကျေးရွာဘက်ကနေ ဒရုန်းနဲ့ Drop Bomb တွေ အဆက်မပြတ်ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂါလီ၂၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားပါတယ်။

“၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့မှာတော့ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ဒရုန်းတွေသုံးပြီး ဘူးသီးတောင်မြို့ပေါ်က ဘင်္ဂါလီဒုက္ခသည်များရှိနေတဲ့ စာသင်ကျောင်းကို ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ကံပြင်၊ ဇော်ဘော်၊ ကကျက်ဘက်၊ မြောင်းနား၊ အလယ်ချောင်း၊ ကွန်တိုင်ဘကုံးနား၊ ဘကုံးနားတောင်ရွာ၊ လက်ဝဲဒက်နဲ့ ရွက်ညိုတောင်ရွာတွေကနေ လာရောက်ခိုလှုံနေကြတဲ့ ဒေသခံဘင်္ဂါလီ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကို ဘူးသီးတောင်မြို့မှာရှိတဲ့ တပ်မတော်ဆေးရုံတွေမှာ ဆေးရုံတက်ရောက်ကုသလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တာတွေ ရှိပါတယ်။ မေလ ၁၈ ရက်နေ့မှာတော့ ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA အကြမ်းဖက်သောင်းကျန်းသူတွေက ထုတ်ပြန်ခဲ့တာကို တွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ရွာတွေမှာနေထိုင်တဲ့ ဘင်္ဂါလီတွေဟာ ဒေသတည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့အတွက် AA အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်လို့ ဘင်္ဂါလီတွေအပေါ် AA အကြမ်းဖက်သောင်းကျန်းသူတွေက အငြိုးအတေးထားပြီး လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်ကာ ထန်းရှောက်ခံရွာက အပြစ်မဲ့ဒေသခံတွေကို ဥပဒေမဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေထဲမှာ ဘင်္ဂါလီတွေ အပေါ်အငြိုးထားပြီး အကြောင်းမဲ့သတ်ဖြတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့မှုတွေထဲက ဘင်္ဂါလီရာနှင့်ချီ သေဆုံးအောင်တိုက်ခိုက်မှု နောက်တစ်ခုအနေနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ မောင်တောမြို့အနောက်ဘက် နတ်မြစ်ကမ်းမှာ စစ်ဘေးရှောင်ဖို့ လှေစောင့်နေတဲ့ ဘင်္ဂါလီတွေကို AA အကြမ်းဖက်သောင်းကျန်းသူ ထိန်းချုပ်ထားတဲ့ ရွှေဇားကျေးရွာဘက်ကနေဒရုန်းနဲ့ Drop Bomb တွေ အဆက်မပြတ်ချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ဘင်္ဂါလီ၂၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ စစ်တွေနဲ့ ရန်ကုန်တို့ကို စစ်ဘေးတိမ်းရှောင်လာတဲ့ ဘင်္ဂါလီတွေကို တတ်နိုင်သမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ AA ရဲ့ လူမဆန်မှုတွေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်တွေမှာ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတာလည်း အထောက်အထားတွေ အများကြီးရှိပါတယ်။ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ လူမျိုးစုတွေအကြားမှာ နဂိုကတည်းက လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပေါ်လေ့ရှိတာတွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားနဲ့ ဘင်္ဂါလီတွေကြားက ပဋိပက္ခဟာ ပိုပြီးကြီးမားတာကို တွေ့ရှိနိုင်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ AA အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘင်္ဂါလီတွေအပေါ်လူမျိုးရေးအရ အငြိုးထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားပါတယ်။
