၁၆.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်၊ အန်ကောရေ့ဂျ်မြို့မှာ သြဂုတ်လ ၁၅ ရက်က ကျင်းပခဲ့ကြတဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ထိပ်သီးဆွေးနွေးပွဲက ခိုင်မာတဲ့သဘောတူညီချက်အနေနဲ့ တစ်စုံတစ်ရာမရဘဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ပ်က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သူနဲ့ပူတင်တို့ဟာ တိုးတက်ဖြစ်ထွန်းမှုတချို့ကိုလည်း ပြုလုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့တိုးတက်မှုရလဒ်တွေ ဆွေးနွေးပွဲမှာ ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက နေတိုးနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ဆီကိုလည်း ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဖုန်းဆက်ပြောကြားမယ်လို့ ဆိုပါတယ်။ ထရမ့်ပ်က သဘောတူညီချက်တစ်ခုရဘဲ့အထိ ဒီမတိုင်ခင်တော့ ဘာသဘောတူညီချက်မှရှိမှာမဟုတ်ဘူးပေါ့လို့ ပြောခဲ့ပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမ္မတနှစ်ဦးလုံးကလည်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို မေးခွန်းတွေတစ်စုံတစ်ရာ မေးမြန်းခွင့်မပြုခဲ့ကြပါဘူး။
ရုရှားသမ္မတပူတင်ကလည်း ဆွေးနွေးမှုတွေမှာ နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့အတူ ဆွေးနွေးပွဲက အပြုသဘောဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပူတင်က “ခုလို အလက်စကာပြည်နယ်ကို ဖိတ်ကြားလို့ သမ္မတထရမ့်ပ်ကို ကျေးဇူးအထူးတင်ကြောင်းနဲ့ တကယ်လို့ ၂၀၂၂ ခုနှစ်က ထရမ့်ပ်သာ အမေရိကန်ပြည်ထောင်စုသမ္မတဖြစ်နေခဲ့ရင် ယူကရိန်းစစ်ပွဲဖြစ်လာမှာမဟုတ်ဘူး”လို့လည်း ပြောကြားသွားပါတယ်။
ပူတင်က ထရမ့်ပ်နဲ့ နောက်တစ်ကြိမ်ထိပ်သီးဆွေးနွေးပွဲကို မော်စကိုမြို့မှာ ကျင်းပသွားကြဖို့လည်း အဆိုပြုခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ပ်က အတည်မပြုသေးသလို ငြင်းဆန်မှုလည်း မလုပ်သေးပါဘူး။
ဒါ့ပြင် ထရမ့်က “ရုရှားသမ္မတ ပူတင်ကရော ယူကရိန်းသမ္မတ ဇယ်လန်စကီးကပါ တကယ်လို့ အနာဂတ်မှာ သူတို့နှစ်ဦးအကြား ငြိမ်းချမ်းရေးအတွက် အလားအလာရှိတဲ့ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ရင် သူ့ကိုပါ တက်ရောက်စေချင်ကြတယ်၊ ကျွန်တော်လည်းတက်ရောက်မှာပါ” လို့ Fox News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ကို သူ့အနေနဲ့ အချိန်တိုအတွင်း ငြိမ်းချမ်းရေးရနိုင်မယ်လို့ ယုံကြည်သလားလို့ မေးခဲ့ရာမှာတော့ ထရမ့်ပ်က “အချိန်တိုအတွင်းမှာရနိုင်ပါလိမ့်မယ်” လို့ ဖြေကြားခဲ့ပါတယ်။
Ref , CNN.



