၁၆ .၈ .၂၀၂၅
Written by Thiri
မြန်မာနိုင်ငံနဲ့ ရေမြေ၊ တောတောင်၊ ယဉ်ကျေးမှု၊ ချက်ပြုတ်စားသောက်တဲ့ဓလေ့တွေ၊ ကလေးတွေမွေးဖွားကြီးပြင်း ထိန်းကျောင်းပုံ၊ ပညာရေးစနစ်ကအစ ဆင်တူတဲ့ အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ်ပညာရေးတချို့ကို မြန်မာကျောင်းသားကျောင်းသူတွေ လေ့လာနိုင်ဖို့ ရန်ကုန်မြို့ရှိ India Centre မှာ “Emerging Education Opportunities in India” ခေါင်းစဉ်နဲ့ အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တွေက ဩဂုတ် ၁၅ ရက်နေ့မှာ လာရောက်မိတ်ဆက်ခဲ့ပါတယ်။
အင်ဂျင်နီယာ ဘာသာရပ်၊ အိုင်တီနည်းပညာနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေ အဓိက တက်ရောက်သင်ကြားနိုင်မယ့် အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ် ၁၃ ခုက လာရောက်မိတ်ဆက်တာဖြစ်ပါတယ်။ အဆိုပါ ပညာရေးပွဲတော်မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Abhay Thakur က မိတ်ဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနဲ့ ယဉ်ကျေးမှုမှအစ စားသောက် နေထိုင်တဲ့ဓလေ့တွေ၊ ပညာသင်ကြားမှု ပုံစံတွေဆင်တူတဲ့ အိန္ဒိယနိုင်ငံမှာ ပညာလာရောက်သင်ကြားဖို့ ဘာကြောင့်မစဉ်းစားကြပါသလဲလို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုခုက အသိအမှတ်ပြု ဘွဲ့လက်မှတ်ဟာ နိုင်ငံတကာက လက်ခံကြောင်းနဲ့ တစ်ကမ္ဘာလုံးမှာ အဆိုပါဘွဲ့လက်မှတ်နဲ့ ကိုက်ညီတဲ့အလုပ်အကိုင်အခွင့်အလမ်းရယူနိုင်ကြောင်းကိုလည်း Myanmar Private School Federation ဥက္ကဋ္ဌ ဦးနေအုပ်က “အိန္ဒိယရဲ့ ပညာရေးက အရမ်းအဆင့်မြင့်တယ်။ အဓိက ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲက အင်္ဂလိပ်စာပဲ။ အရင်က ဆရာတို့နိုင်ငံမှာ Grade က ၁၀ အထိပဲ။ အခုက ၁၂ အထိ ရှိလာပြီမို့ သူတို့ရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်မှာဆိုရင် ဆေးပညာ၊ အိုင်တီနည်းပညာနဲ့ စိုက်ပျိုးရေးဘာသာရပ်တွေ။ ဒါတွေ အိန္ဒိယမှာ သွားတက်ရင်ရော ဘာတွေ ထူးခြားမလဲပေါ့။ အိန္ဒိယနိုင်ငံကို အဆက်အသွယ် သိပ်မရှိလို့ဘဲလားမသိဘူး။ မြန်မာက မိဘတွေက သိပ်မရွေးချယ်ကြဘူး။ ပထမဦးစားပေးက USA, UK, ကနေဒါ၊ ဩစတေးလျနဲ့ ဒုတိယက စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ မြန်မာတွေ များများရှိတဲ့နေရာကို ရွေချယ်ကြတာများတယ်” လို့ MT News က မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သြဂုတ်လ ၁၅ ရက်မှာ အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ် ၁၃ ခုက ပထမဆုံးခြေလှမ်းအဖြစ် လာရောက်မိတ်ဆက်ခဲ့ပြီး လေ့လာသင်ယူမယ်ဆိုပါကလည်း အင်ဂျင်နီယာဘာသာရပ်နဲ့ အိုင်တီဘာသာရပ်ဆိုင်ရာအတွက် ကုန်ကျစရိတ်တွေက သိပ်မကွာဟဘဲ တစ်နှစ်စာကို အိန္ဒိယနိုင်ငံသုံးငွေကြေးနဲ့ နေထိုင်စရိတ်အပါ စားသောက်စရိတ်မပါကို ရူပီး ၆ သိန်းကျော် ၇ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိမှာဖြစ်ပေမယ့် အခြားပြည်ပနိုင်ငံတွေထက် သက်သာတဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ဆိုပါတယ်။
Grade 10 ပညာရေးနဲ့ ပြီးဆုံးထားသူတွေအနေနဲ့လည်း အိန္ဒိယနိုင်ရဲ့ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်ပညာသင်ယူလိုပါက 10+2 ဆိုတဲ့ ပညာရေးစနစ်နဲ့ နှစ်နှစ်ထပ်မံတက်ရောက် ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်ပြီးပါက ကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်ဝင်ခွင့်လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့လည်း အဆိုပါ ပညာရေးပွဲတော်ကနေ သိရှိရပါတယ်။
Emerging Education Opportunities in India ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ပညာရေးပွဲတော်ကို ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းက အိန္ဒိယစင်တာမှာ သြဂုတ်လ ၁၅ ရက်နဲ့ ဒီနေ့ ၁၆ ရက် နှစ်ရက် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။



