၁၂. ၈. ၂၀၂၅
Translated by Thettant
ဗြိတိန်နိုင်ငံအခြေစိုက် EasyJet လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးသည် တစ်ညလုံး အရက်သောက်ပြီးနောက် ဇိမ်ခံဟိုတယ်တစ်ဝိုက်တွင် ကိုယ်တုံးလုံး လျှောက်သွားနေသည်ဟု သတင်းထွက်ပေါ်ပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရာထူးမှရပ်ဆိုင်းခံထားရသည်။
အမည်မဖော်လိုသူ အဆိုပါလေယာဉ်မှူးကို လွန်ခဲ့သည့် အင်္ဂါနေ့အစောပိုင်းတွင် အတ္တလန္တိတ်သမုဒ္ဒရာရှိ Cape Verde ကျွန်းပေါ်ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခု၏ ဧည့်ကြိုနေရာတွင် အဝတ်မပါဘဲ တွေ့မြင်ခဲ့ရသည်။
အဆိုပါသတင်းကို ပထမဆုံးဖော်ပြခဲ့သည့် Sun သတင်းစာအရ လေယာဉ်မှူးသည် ဩဂုတ် ၄ ရက် ညနေပိုင်းကတည်းက Meliá Dunas Beach Resort and Spa ရှိ ဘားတွင် အရက်သောက်နေခဲ့သည်ဟု သိရသည်။ မျက်မြင်သက်သေများက အဆိုပါအမျိုးသားသည် “မူးယစ်မေ့မျော” အခြေအနေဖြင့် လဲကျနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
ထို့နောက် ဩဂုတ် ၅ ရက် နံနက် ၂ နာရီခွဲတွင် သူသည် အဝတ်အစားအားလုံးကို ချွတ်ကာ ဧည့်ကြိုနေရာသို့ ကိုယ်လုံးတီး လမ်းလျှောက်ဝင်လာပြီးနောက် အားကစားခန်းမနှင့် စပါး(Spa) သို့ ဆက်လက်သွားရောက်ခဲ့သည်ဟု သတင်းများကဆိုသည်။
အဆိုပါအမျိုးသားသည် ဩဂုတ် ၆ ရက်တွင် Cape Verde မှ Gatwick သို့ ခရီးသည်များကို တင်ဆောင်ကာ လေယာဉ်ပျံသန်း မောင်းနှင်ရမည်ဖြစ်သည်။ သို့သော် ဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ပြီးနောက် လေကြောင်းလိုင်းမှ ၎င်းအား မြေပြင်ပေါ်တွင် ချက်ချင်းထားရှိ အရေးယူခဲ့ပြီး အစားထိုးလေယာဉ်မှူးကို ခေါ်ယူခဲ့သည်။
EasyJet သတင်းရင်းမြစ်တစ်ခုက Sun သတင်းစာကို ပြောကြားရာတွင် “လေယာဉ်မပျံသန်းမီနေ့ မနက်အစောပိုင်းမှာ လေယာဉ်မှူးကို ကိုယ်တုံးလုံး လျှောက်သွားနေတာကို မြင်ခဲ့ရသူတိုင်းဟာ လေယာဉ်ရဲ့ ထိန်းချုပ်ခန်းမှာ အဲဒီလိုလူနဲ့အတူ လေယာဉ်ပေါ်တက်ဖို့ စိတ်ကူးမှာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့အတူ EasyJet ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ သိရှိတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် လေယာဉ်မှူးကို ချက်ချင်းတာဝန်မှ ရပ်ဆိုင်းလိုက်ပါတယ်။ ခရီးသည်များနဲ့ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံရေးဟာ EasyJet ရဲ့ အမြင့်ဆုံး ဦးစားပေးအချက်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Gatwick မှ Cape Verde သို့ EasyJet ၏ လေယာဉ်ခရီးစဉ်များသည် အင်္ဂလန်မှ ပြေးဆွဲသည့် ခရီးစဥ်များအနက် အရှည်ဆုံးခရီးစဉ်များဖြစ်ပြီး ပိုမိုတိကျသော အကွာအဝေးတိုင်းတာမှုဖြစ်သော ရေမိုင်ဖြင့် တိုင်းတာမှုအရ ရေမိုင် ၂,၃၃၂ မိုင်ရှိကာ ခရီးစဉ်သည် ပျံသန်းချိန် ခြောက်နာရီခန့်ကြာမြင့်သည်။
Ref, The Independent
