◾ KIA ၊ KPDF နှင့် PDF လက်နက်ကိုင်များ အကျအဆုံးများစွာဖြင့် ထွက်ပြေးကုန်ကြ
၁၂.၈.၂၀၂၅
Written By Zun
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ နိုင်ငံတော်အလံလွှင့်တင်နိုင်ပြီဖြစ်ကြောင်း တပ်မတော်သတင်းရင်းမြစ်တစ်ဦးက MT News ကို အတည်ပြု ပြောကြားသည်။
တပ်မတော်စစ်ကြောင်းအနေဖြင့် တပ်မတော် စစ်သင်္ဘောများဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် မန္တလေး ဂေါဝိန် ဆိပ်ကမ်းမှ ထွက်ခွာကာ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်းသက်စွန့်ဆံဖျား သွားရောက်ခဲ့ရာ ဩဂုတ်လ (၁)ရက်တွင် ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းတပ်မတော်စစ်ကြောင်းအနေဖြင့် သပိတ်ကျင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဗန်းမော်မြို့နယ်အတွင်း ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်ရာ ယခုအခါ အားလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
“ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး ထိုးစစ်ဆင်တာ။ သြဂုတ်လ ပထမပတ်မှာ တချို့နေရာလောက်ပဲ ကျန်တာပေါ့။ ဇူလိုင်လ တတိယပတ်ကဆိုရင် တစ်ဝက်ကျော်ကို ထိန်းထားနိုင်ခဲ့တယ်။ အခုတော့ အလုံးစုံ ထိန်းနိုင်ခဲ့ပြီ။ မနေ့က (သြဂုတ်လ ၁၁ ရက်) ကပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံကို တင်ခဲ့တယ်။ KIA နဲ့ PDF တွေကတော့ လွတ်ရာကျွတ်ရာ ပြေးကြတာပေါ့။ ကျတယ်လေ။ သူတို့ဘက်က။ များတာပေါ့”ဟု ယင်းက ဆိုသည်။
စစ်ရေယာဉ်အုပ်စု ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် KIA နှင့် ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလဆန်းပိုင်းတွင် သိမ်းထားသည့် အမြောက်တပ် အမတ(၃၆၆)ကို လက်လွှတ်ခဲ့ရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာများကို အတိအလင်း ဝန်ခံထားသည်။
တပ်မတော်၏ ဒရုန်းစစ်ဆင်ရေးဒဏ်ကို မခံနိုင်သောကြောင့် အဆိုပါ အမြောက်တပ်ရင်း (၃၆၆) အပြင် KIA နှင့် ပူးပေါင်းအဖွဲ့များက ယင်းတို့ ထိန်းချုပ်ထားသည့် အမှတ်(၇၀၀၆) သံချပ်ကားတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် ဗန်းမော်လေဆိပ်တို့ကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း သိရသည်။
KIA သည် ဗန်းမော်မြို့ကို ရက်ပိုင်းအတွင်း သိမ်းယူမည်ကြွေးကြော်ကာ KIA ၊ KPDF နှင့် အညာ PDF လက်နက်ကိုင်များ ရာထောင်ချီစုစည်းခေါ်ယူကာ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှ စတင်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ အရှုံးဖြင့် ဆုတ်ခွာခဲ့ရပြီဖြစ်သလို KIA ၊ KPDF နှင့် အညာ PDF လက်နက်ကိုင်များ၏ ထိုးစစ်ကြောင့်လည်း ဗန်းမော်မြို့မှာ မြို့ပျက်အသွင်ဖြစ်သွားခဲ့ကာ ပြည်သူ့နေအိမ်များစွာလည်း ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံခဲ့ရသည်။ (Photo – VOX)



