◾ အမေရိကန်ကုမ္ပဏီကြီးတွေအဖို့ အိန္ဒိယမှာကြီးမားလှတဲ့ဈေးကွက်ကြီးကို ဆုံးရှုံးရလေမလား
၁၂.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယနိုင်ငံမှ တင်သွင်းမယ့် ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပါတယ်။
ဒါ့ပြင် အိန္ဒိယအနေနဲ့ ရုရှားနိုင်ငံမှရေနံဝယ်ယူမှု မပြုဖို့ သူ့ရဲ့ပြောကြားချက်ကို အိန္ဒိယအစိုးရက လက်မခံခဲ့တဲ့အတွက်ဆိုပြီး နောက်ထပ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကို ပြစ်ဒဏ်အနေနဲ့တိုးမြှင့်ပြီးတော့ စုစုပေါင်း ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့တာပါ။ ဆက်လက်ပြီးတော့ ထရမ့်ပ်က နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်(BTA) အတွက် ဆွေးနွေးပွဲတွေကိုပါ ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက်လာခဲ့ပါသေးတယ်။
ဒီနောက်မှာတော့ နှစ်နိုင်ငံအကြား ဆက်ဆံမှုအခြေအနေက အတော်လေးကို မပြေမလည်ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယအစိုးရအဖို့လည်း အဆိုးဆုံးအဆင့်အထိရောက်လာခဲ့ပြီးတဲ့နောက်မှာ ရှောင်လွဲမရတဲ့ အခြေအနေကို ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မယ်ဆိုတဲ့အထိ ရောက်လာခဲ့ပြီလို့ ဆိုရမှာပါ။
အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သြဂုတ်လ ၁၀ ရက်မှာတော့ အိန္ဒိယနိုင်ငံသားတွေကို မိမိပြည်တွင်းဖြစ်ပစ္စည်းတွေကိုသာ အလေးထားသုံးစွဲကြဖို့ မေတ္တာရပ်ခံခဲ့တဲ့အခါမှာတော့ အိန္ဒိယအဖို့ ကုန်သွယ်ရေးမှာ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ပိုသိသာလာပါတယ်။ မိုဒီက ဘင်ဂါလူရူမြို့မှာ ပြုလုပ်တဲ့ လူထုစည်းဝေးပွဲတစ်ရပ်မှာ “အိန္ဒိယနည်းပညာကုမ္ပဏီတွေအနေနဲ့ ကမ္ဘာကြီးအတွက် လိုအပ်မယ့်ထုတ်ကုန်တွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းပေးဖို့ ဦးစားပေးရမယ့် အချိန်ရောက်ပြီ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အစောပိုင်းက သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဗာရာဏသီမှာပြုလုပ်တဲ့ လူထုအစည်းအဝေးတစ်ခုမှာလည်း မိုဒီက အိန္ဒိယပြည်သူတွေကို ပြည်တွင်းဖြစ်ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲကြပြီး ပြည်တွင်းစက်မှုလုပ်ငန်းတွေကို မြှင့်တင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၁၀ ရက်မှာပဲ သီးခြားဖြစ်ရပ်တစ်ခုအနေနဲ့ မိုဒီရဲ့ Bharatiya Janata Party နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ Swadeshi Jagran Manch (SJM) အုပ်စုက နိုင်ငံတစ်ဝန်း လူစုလူဝေးငယ်များပြုလုပ်ကာ ပြည်သူတွေကို အမေရိကန်ထုတ်ကုန်ပစ္စည်းတွေကို လုံးဝသပိတ်မှောက်ကြဖို့ လှုံ့ဆော်တိုက်တွန်းပွဲလေးတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ SJM က စီးပွားရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အိန္ဒိယရဲ့ နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအုပ်စုတစ်ခုဖြစ်ပါတယ်။
SJM အုပ်စုရဲ့ နိုင်ငံတစ်ဝန်း လှုံဆော်ပွဲလေးတွေကို ပူးတွဲစီစဉ်ကျင်းပခဲ့တဲ့ အက်ရှ်ဝါနီ မာဟာဂျန်က “ပြည်သူတွေက ခုဆိုအိန္ဒိယထုတ်ပစ္စည်းတွေကိုပဲ စိတ်ဝင်စားအားပေးလာကြပြီ။ ဒီမှာ အကျိုးကျေးဇူးတွေဖြစ်လာဖို့ အချိန်တစ်ခုတော့ယူရမှာပေါ့။ ဒါက အမျိုးသားရေးနဲ့မျိုးချစ်စိတ်ဓာတ်တွေအတွက် တောင်းဆိုလှုပ်ရှားမှုပဲ” လို့ ပြောခဲ့ပါတယ်။
SJM အုပ်စုက ပြည်ပစားသောက်ဖွယ်ရာတွေကို McDonald’s အသင့်စားအစားအစာတွေကစလို့ ကိုကာကိုလာ၊ အက်ပယ်လ်(Apple)၊ ပက်ဆီ (Pepsi) စတဲ့ အမေရိကန်လုပ် အစားအစာတွေကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်လာတာ တွေ့ရပါတယ်။
ဒါ့ပြင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ Meta, WhatsApp စတဲ့ အမေရိကန်ရဲ့ လူမှုကွန်ရက်တွေအတွက်လည်း ကြီးမားတဲ့ဈေးကွက်ကြီးပါ။ အမေရိကန်ကုမ္ပဏီ Domino’s Pizza ဆိုရင်လည်း အိန္ဒိယနိုင်ငံမှာ ဒီပြင် အမေရိကန်ကုမ္ပဏီတွေထက် စားသောက်ဆိုင်တွေ ပိုလို့ဖွင့်လှစ်ထားတာပါ။
ဒီအတိုင်းဆိုရင်ဖြင့် ထရမ့်ပ်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်သတ်မှတ်မှုကနေ အစပျိုးလာတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် ဆန့်ကျင်မှုက အိန္ဒိယမှာ ပိုမိုမြင့်တက်လာခဲ့ရင် အမေရိကန်ရဲ့ ကုမ္ပဏီကြီးတွေအဖို့ ကြီးမားလှတဲ့ဈေးကွက်ကြီးကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။
Ref- dnaindia.com



