၁၂.၈.၂၀၂၅
Written by Hey Mar
ကျူးကျော်ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) အဆုံးစီရင်တဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၁၁ ရက် ည ၇ နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ခဲ့တဲ့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသားက အသက် ၃၁ နှစ်အရွယ်လို့ သိရပြီး သေဆုံးနေတဲ့ ပုံစံက နေအိမ်ရဲ့ ခေါင်မိုး သစ်သားတန်းမှာ ပုဆိုးနဲ့ချည်ပြီးကြိုးဆွဲချခဲ့တာပါ။ သူက မကြာခင်ကပဲ လုပ်ငန်းခွင် လူလျှော့ချတဲ့အထဲမှာ သူပါပြီး အလုပ်ပြုတ်လာကာ စိတ်ဓာတ်ကျနေခဲ့တာလို့ နီးစပ်ရာပတ်ဝန်းကျင်က ပြောစကားအရ သိရပါတယ်။
ရှင်သန်ခွင့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူတို့ နေနေတာက တောင်ဒဂုံ ၂၃ ရပ်ကွက်နားက ကျူးပါ။ ဖျက်ရတော့မှာ။ အဲ့ဒီနေရာကလည်း။ ယောက္ခမ မိသားစုနဲ့ နေတာလို့တော့ သိရတယ်။ သူ့မိန်းမကလည်း မန္တလေးသွားပြီး အလုပ်လုပ်နေတာ အဆက်အသွယ်မရဘူးတဲ့။ သူ့ယောက္ခမတွေ လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေတုန်း အိမ်မှာ သူက ဒီလိုဖြစ်သွားတာ” လို့ မြေပြင်အကူအညီရောက်ရှိစဉ် မြင်တွေ့ရတဲ့အဖြစ်အပျက်တချို့ကို MT News ကို ပြောပြပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲလုပ်ငန်းစဉ် တွေ အပြီးမှာ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းကယာဉ်နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
