၆. ၈. ၂၀၂၅
Written by Thettant
မြန်မာနိုင်ငံကိုယ်စားပြု E Sports အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos အသင်းဟာ 2025 PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ဖလားအဖြစ် ဩဂုတ် ၃ ရက်မှာ ဆွတ်ခူးရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
“မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကမ္ဘာ့ဖလားကြီးကို PUBGM World Cup 2025 ပြိုင်ပွဲကြီးတွင် ရယူနိုင်ခဲ့သည့် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBGM အသင်းကို တစ်ခမ်းတစ်နား ဂုဏ်ပြုကြိုဆိုပြီး ကမ္ဘာ့ဖလားကြီးကို ပရိတ်သတ်များရှေ့မှောက်ယူဆောင်ချပြနိုင်ဖို့ စသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင် Esports အားကစားသမားများနှင့် Esports ကမ္ဘာ့ဖလားကြီးအားကြိုဆိုပွဲ အခမ်းအနားကြီးကို မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ အားကစားကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်တွေအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် ဩဂုတ်လ ၇ ရက်နေ့၊ ညနေ ၄ နာရီအချိန်၊ ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်များ၊ ကမ္ဘာ့ဖလားနဲ့အတူ ကစားသမားများနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်းများ စတဲ့ အစီအစဉ်များပါဝင်မည်ဖြစ်သဖြင့် အားကစားညီအကိုမောင်နှမများနှင့် မိတ်ဆွေ ပရိတ်သတ်အပေါင်းကို ဂုဏ်ယူဝင့်ကြွားစွာပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။” လို့ Yangon Galacticos က ပြောပါတယ်။
ကမ္ဘာ့ချန်ပီယံ Yangon Galacticos အပါအဝင်ကမ္ဘာလုံးဆိုင်ရာ PUBG အသင်း ၂၄ သင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ဇူလိုင် ၂၅ ရက်က စတင်ယှဥ်ပြိုင်ခဲ့ကြပြီး ဩဂုတ် ၁ ရက်ကနေ ၃ ရက်အထိ အသင်း ၁၆ သင်း သုံးရက်ကြာ ဗိုလ်လုရတဲ့ Grand Final ပြိုင်ပွဲမှာ Yangon Galacticos အသင်းဟာ အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့လို့ ကမ္ဘာ့အဆင့် ၁ ချန်ပီယံဆု နေရာကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာကြောင့် 2025 PUBG MOBILE WORLD CUP (PMWC 2025) ကမ္ဘာ့ချန်ပီယံအဖြစ် ဒေါ်လာ ၅၄၇၀၀၀ တိတိ ဆွတ်ခူးနိုင်ခဲ့တယ်လို့လည်း Liquipedia က ဖော်ပြထားပါတယ်။
PMWC 2025 ပြိုင်ပွဲကြီးမှာ ပွဲစဥ်တစ်လျှောက် ဆုကြေးက ဒေါ်လာ ၃,၀၀၅,၀၀၀ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲကြီး ဒုတိယဆုကို တရုတ် Weibo Gaming Esports အသင်းက ဆွတ်ခူးကာ ဆုကြေး ဒေါ်လာ ၃၂၃၅၀၀ ဆွတ်ခူးသွားသလို တတိယနေရာကိုတော့ မွန်ဂိုလီးယားက Alpha Gaming က ရရှိသွားကာ ဒေါ်လာ ၂၂၂၀၀၀ ဆွတ်ခူးခဲ့တယ်လို့ Liquipedia က ဖော်ပြထားတာ တွေ့ရှိရပါတယ်။



