၆.၈.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နောခါလီခရိုင်၊ ဘီဂမ်ဂန့်ဂျ်မြို့နယ်အတွင်း မိသားစုဝင်တွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားအငယ်စားတစ်စီးဟာ လမ်းဘေးတူးမြောင်းတစ်ခုထဲကို ဩဂုတ်လ ၆ ရက် နံနက်အစောပိုင်းက ထိုးကျသွားခဲ့ရာမှာ အနည်းဆုံး လူခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။
သေဆုံးသူတွေထဲက နှစ်ဦးကတော့ အိုမန်နိုင်ငံမှာနေထိုင်ကြပြီး ဘင်္ဂလားဒေ့ရှ်ကို ပြန်လာကြတဲ့ ဘာဟာအတ်ဒင် မိသားစုက ဘာဟာအတ်ဒင်ရဲ့ဇနီး ကာဘီတာနဲ့ သမီး မင်တို့ ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေက အဆိုပါယာဉ်မတော်တဆမှုက နံနက် ၅ နာရီ ၄၀ မိနစ်မှာဖြစ်ပွားခဲ့ပြီး ဘတ်စ်ကားဟာ နောခါလီ-လက်ရှ်မီပူရ် အဝေးပြေးလမ်းမကြီးအတိုင်း မောင်းလာနေတုန်း ဂျာဂါဒစ်ရှ်ပူရ် နယ်မြေအတွင်းအရောက်မှာ အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးရှိ ဝက်ဘ်ဒါတူးမြောင်းထဲကိုထိုးကျခဲ့တာလို့ ပြောခဲ့ကြပါတယ်။
ဆွေမျိုးတွေရဲ့ပြောကြားချက်တွေအရ ဘာဟာအတ်ဒင်ဟာ အိုမန်နိုင်ငံမှာနေထိုင်နေရာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဩဂုတ်လ ၅ ရက် ညပိုင်းက ပြန်လာတာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တွေက ဘာဟာအတ်ဒင်ကို ဒက်ကာမြို့မှာသွားရောက်ကြိုဆိုကြကာ လက်ရှ်မီပူရ်ခရိုင်၊ ဟတ်ဇာပါရာမြို့၊ ချော့ပါလီကျေးရွာရှိသူတို့ နေအိမ်ကို ပြန်လာချိန် ခုလိုဖြစ်ခဲ့ရတာလို့ သိရပါတယ်။
သေဆုံးသူတွေအားလုံးကို မည်သူမည်ဝါ ခွဲခြားမသိသေးပေမယ့် မိသားစုတစ်ခုထဲက ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
Ref- United News of Bangladesh
