၆. ၈. ၂၀၂၅
Written by Hey Mar
ကရင်ပြည်နယ်၊ သံတောင်ခရိုင်၊ သံတောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေဖြစ်ပေါ်နေလို့ လူသေဆုံးမှုက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့ မနက်အထိ ၈ ဦးရှိလာပြီဖြစ်ကာ အိမ်ခြေနဲ့ ဥယျာဉ်ခြံ ပျက်စီးဆုံးရှုံးမှုတွေလည်း များနေတယ်လို့ သံတောင်မြို့ ရှင်ဂျော့ရှ်ဂျက် အသင်းတော်မှ နယ်စီးဘုန်းတော်ကြီးနှင့် သာသနာပိုင်ချုပ်နယ်၊ ဗဟိုကော်မတီဝင်ဖြစ်သူ ဘုန်းတော်ကြီး စောဖိလိပိုတင်အုန်းက MT Newsကို ပြောပါတယ်။
သံတောင်မြို့မှာ ဥယျဥ်ခြံမြေပြိုမှုတွေက ဇူလိုင်လကတည်းက ဖြစ်ပေါ်နေပြီး ဩဂုတ်လ ၃ ရက် သန်းခေါင်ကျော်ကစကာ ၄ ရက်နေ့ မနက်အစောပိုင်းကတည်းက ရွာသွန်းတဲ့မိုးကြောင့် ထီးပူခီးကျေးရွာ ပတ်ပတ်လည်မြေပြိုကျလို့တစ်ရွာလုံး ခေတ္တာရှောင်ရှားနေရတယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ် ၅ရက်နေ့ညက ရွာတဲ့မိုးကြောင့် ဒီနေ့ ဩဂုတ် ၆ ရက် မနက်အစောပိုင်းမှာ သစ်ပင်အမြစ်ကကျွတ်ကာ အိမ်ပေါ်လဲကျလို့ မိသားဝင်လေးဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဘုန်းတော်ကြီး စောဖိလိပိုတင်အုန်းက “သံတောင်မှာ ရပ်ကွက် ၅ ခု ရှိတယ်။ အခု မြေပြို၊ ရေဝင်နေတာတွေက မြို့ပေါ် ရပ်ကွက် ၁၊ ၂ ၊ ၃၊ ၄ အကုန်လုံး ဟိုနေရာ နည်းနည်း၊ ဒီနေရာနည်းနည်းဖြစ်နေတာ။ ရပ်ကွက် ၅ က နည်းနည်းလှမ်းလို့ အန္တရာယ်ကင်းတဲ့ နေရာမှာလည်း ရှိနေလို့ သိပ်မထိခိုက်ဘူး”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သြဂုတ် ၄ ရက်နေ့က တောင်ကျရေကြောင့် မျောပါပျောက်ဆုံးခဲ့ပြီး သေဆုံးသူ လေးဦးက သူတို့ရဲ့ ဥယျာဉ်ခြံမြေမှာ ညအိပ်စောင့်ဆိုင်းရင်း သေဆုံးခဲ့တာလို့လည်း သိရှိရပါတယ်။
လတ်တလောမှာတော့ တောင်ကျရေစီးဆင်းမှုကြောင့် အိမ်ပြိုကျပျက်စီးခဲ့တဲ့ နေရာက လူတွေနဲ့ အန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်သူတွေကို ရှင်ဂျော့ရှ်ဂျက် အသင်းတော်က ဘေးလွတ်ရာကိုဦးဆောင်ကူညီ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ပေးထားပြီး လူအား၊ လုပ်အားနဲ့ စက်ယန္တရား အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အခုက သံတောင်- တောင်ငူလမ်းလည်း မြေပြိုကျပြီး သွားမရဖြစ်နေတယ်။ တောင်ငူက အသင်းတွေနဲ့ ချိတ်ဆက်မိပေမယ့် ဒီဘက်မှာ စစ်ဖြစ်နေလို့ တက်မလာရဲကြဘူးဖြစ်နေတယ်။ အကူအညီက လိုအပ်နေတာမို့ တက်လာပြီး ကူညီမယ်ဆိုရင် ကားတစ်စီးသွားလို့ အဆင်ပြေအောင် လမ်းကို ကျွန်တော်တို့ ပြုပြင်မယ်။ အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်အောင်လည်း ဆောင်ရွက်ပေးပါမယ်” ဘုန်းတော်ကြီး စောဖိလိပိုတင်အုန်းက ပြောပါတယ်။
အခုနှစ်ပိုင်းတွေအတွင်း သံတောင်မြို့မှာ ကြုံတွေ့နေရတဲ့ တောင်ကျရေစီးဆင်းမှုကြုံတွေရတဲ့ ဖြစ်စဉ်တွေထဲ ဒီနှစ်ကြုံရတဲ့ အခြေအနေက အဆိုးရွားဆုံးလို့လည်း ဒေသအခြေအနေကို ဘုန်တော်ကြီးက ရှင်းပြပါတယ်။ သံတောင်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကျေးရွာတချို့က ကျေးရွာချင်းဆက်တံတားတွေလည်း တောင်ပေါ်ကနေ စီးဆင်းလာပြီး စစ်တောင်းမြစ်ထဲ စီးဝင်တဲ့ သောက်ရေခပ်ချောင်းရဲ့ ရေကြီးရေလျှံမှုကြောင့် တံတားသုံးစင်းထက်မနည်း ကျိုးကျ ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။
“ဒီရက်ပိုင်းကတော့ အလုပ်က အတော်ကြီးရှူပ်နေတာပါ။ လူသေပျောက်တာတွေ ရှိလာတော့ သဘာဝဘေးရော၊ အသုဘ အတွက်ပါ စီစဉ်ရတယ်။ ရှင်သူတွေဘေးကင်းဖို့ အစားအစာ ရရှိဖို့လည်း အသင်းတော်က ဦးဆောင်ဆောင်ရွက်နေပါတယ်” လို့ ဘုန်းတော်ကြီး စောဖိလိပိုတင်အုန်းက MT News ကို ဆက်လက်ပြောပါတယ်။







