၆.၈.၂၀၂၅
Written by Hey Mar
ကိုရင်ငယ်ခြောက်ပါး ပဲခူးမြစ်ထဲ ရေဆင်းကူးရာက တစ်ပါးရေနစ်ပျောက်ဆုံးနေတဲ့ ဖြစ်စဉ် သြဂုတ် ၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး မနေ့က ဩဂုတ် ၅ ရက်နေ့လယ် သုံးနာရီဝန်းကျင်မှာတော့ လူမှုကူညီရေးအသင်းတွေက ရေငုပ်ရှာဖွေရာ ရုပ်အလာင်းပြန်လည် တွေ့ရှိခဲ့တယ်လို့ ပဲခူးအခြေစိုက် အနာဂတ်ကြယ်ပွင့်လူငယ် သွေးလှူရှင်များ အသင်းထံကနေ သိရပါတယ်။
သြဂုတ်လ ၄ ရက် မွန်းတည့် ၁၂နာရီ အချိန်ခန့်က ပဲခူးမြို့၊ သွန်းဘုရားရပ်ကွက်၊ သွန်းဘုရားလမ်းရှိ ကြခတ်ဝိုင်း စာသင်တိုက်မှ သာမဏေခြောက်ပါးက ပဲခူးမြစ်အတွင်းရေဆင်းကူးခဲ့ရာ အရှင်နန္ဒ သက်တော် (၁၃)နှစ် ရေနစ်ပျောက်ဆုံးခဲ့တာကြောင့် ကျောင်းတိုက်က ညောင်ဝိုင်းမြောက်ဘက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား အကူအညီတောင်းခံလာခဲ့တာမို့ အနာဂတ်ကြယ်ပွင့်လူငယ် သွေးလှူရှင်များအသင်းက ဖြစ်စဉ်ဖြစ်တဲ့ ဩဂုတ် ၄ ရက်နေ့ကတည်းက ပဲခူးမြစ်တစ်လျှောက် ရှာဖွေနေသလို ကိုရင်နစ်မြုပ်ရာ အနီးအနားကိုလည်း ရေငုပ်ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
ဒီလိုရှာဖွေပေးနေရင်း ကိုရင်ရဲ့ ရုပ်အလောင်းကို ပဲခူးမြစ်စီးဆင်းရာ အထက်စည်တီးကျေးရွာရှိ ကျားပိုက်မှာ ငြိလျက်သားပြန်လည်တွေ့ရှိခဲ့ကာ လူမှုကူညီရေးအသင်းက ပဲခူးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။


