၆.၈.၂၀၂၅
Written By Nyein Kyaw
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ဆိုသောသတင်းမှာ မှန်ကန်မူမရှိကြောင်းနှင့် ယခုအချိန်ထိအမှတ် (၂)တပ်မတော်ဆေးရုံ၌ ဆေးကုသမူခံယူနေကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အမှတ်(၂)တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကု သမှုခံယူလျက်ရှိသော ယာယီသမ္မတ ဦးမြင့်ဆွေ ယနေ့ သြဂုတ်လ ၆ ရက် နံနက် ၃ နာရီခန့်အချိန်က ကွယ်လွန်ခဲ့ရရှာပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်လာပြီးနောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန် ဆိုသောသတင်းမှာမှန်ကန်မူမရှိပါ။ ယခု အချိန်ထိ အမှတ် ၂တပ်မတော်ဆေးရုံ၌ ဆေးကုသမူခံယူနေပါသည်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားလာခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ကုသမှုခံယူခဲ့ရာ ရောဂါစစ်ဆေးချက်များအရ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ညနေက ထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ရသည်။ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson’s Disease)၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ရသည်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေး ကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ရသည်။ သို့သော် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
