၆.၈.၂၀၂၅
Written By Nay Moe ၊ Zun
မြန်မာပလာဇာ ကားပါကင်မှာ မနေ့က သြဂုတ်လ ၅ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်က အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ Tee Tee ဆိုသူ အမျိုးသမီးက သူနဲ့ Relationship ချိတ်ဆက်ထားတဲ့ Wai Yan Moe Aung ဆိုတဲ့ အကောင့်ကို Tag တွဲပြီး အသိပေးကြေညာခြင်း ခေါင်းစဥ်နဲ့ “မပိုပိုအိန္ဒြာချစ်နှင့် မောင်ဝေယံမိုးအောင်တို့၏ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး အသက် ၅၉ နှစ် သည် ၅. ၈. ၂၀၂၅ (အင်္ဂါနေ့) ညနေ ၅ နာရီ ၂၀ ဝန်းကျင်ခန့် Myanmar Plaza ကားပါကင်တွင်အမျိုးသားနှစ်ဦးမှ ဓားဖြင့်လုပ်ကြံသတ်ခံရသောကြောင့် သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားပါကြောင်း ညိုးငယ်စွာ အသိပေးအပ်ပါသည်။ နာရေးကိစ္စနှင့် ပတ်သက်သော အသေးစိတ်အကြောင်းအရာများ မိသားစုနှင့် တိုင်ပင်ပြီးပါက ပြန်လည်အသိပေးသွားပါမည်။ လက်ရှိတွင်မေးမြန်းစုံစမ်းခြင်းများ သည်းခံပေးခြင်းဖြင့် ကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ကျန်ရစ်သူမိသားစု”လို့ ပို့စ်တင်ခဲ့ချိန်မှာ ပျံ့နှံသွားခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အကောင့်ပရိုဖိုင်ပိတ်ထားတာ တွေ့ရပါတယ်။
ဖြစ်စဥ်ကို တွေ့ရှိခဲ့သူတစ်ဦးကလည်း ဒီဖြစ်ရပ်မှာ ဓားနဲ့ထိုးခံရတဲ့ကားပါကင်က B-2 မှာဖြစ်ကြောင်း၊ ပစ္စည်းယူမသွားဘဲ စောင့်ဆိုင်းသတ်ဖြတ်တာမို့လို့ ရန်ငြိုးရှိသူဖြစ်နိုင်ကြောင်း စသဖြင့် ပြောဆိုပါတယ်။
မြန်မာပလာဇာဘက်ကတော့ လူသတ်မှုဖြစ်စကတည်းက လူမှုကွန်ရက်မှာ မေးမြန်းမှုတွေကို ပြန်လည်ဖြေဆိုထားတာ မတွေ့ရသလို ထုတ်ပြန်မှုလည်းမရှိ၊ ဆက်သွယ်မေးမြန်းမှုကိုလည်း တုံ့ပြန်မှုမရှိသေးပါဘူး။
မြန်မာပလာဇာ ကားပါကင်ဟာ CCTV နဲ့ စောင့်ကြည့်နေတယ်ဆိုပေမဲ့ လူပြတ်သလို လုယက်ဖို့စောင့်ကြိုခံရဖူးတယ်လို့လည်း လူမှုကွန်ရက်မှာ မျှဝေတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
ဒီလူသတ်မှုဖြစ်စဥ်အပေါ် MT News က ဆက်လက် စုံစမ်းနေပြီး အသေးစိတ်သိရတာ ဆက်လက်ဖော်ပြပေးပါမယ်။
