၅.၈.၂၀၂၅
Translated by Htwe Ko Tun
ဩဂုတ်လ ၅ ရက် နံနက်ပိုင်းတွင် မဲမှောင်လာသော ကောင်းကင်ပြင်နှင့်အတူ ဟောင်ကောင်ဒေသအတွင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း Pearl River မြစ်ဝကျွန်းပေါ်အတွင်း ရွာသွန်းခဲ့ရာ ကျောင်းများ၊ ဆေးရုံများ၊ တရားရုံးများပိတ်ထားခဲ့ရပြီး ဟောင်ကောင်၏ အာရှငွေကြေးဈေးကွက်ဗဟိုရပ်ကွက်အတွင်း အတက်အဆင်းလှေကားများမှာ ရေတံခွန်များသဖွယ် မိုးရေများစီးကျနေသည်ကို တွေ့ ခဲ့ရကြောင်း သိရသည်။
ဒေသစံတော်ချိန် နံနက် ၆ နာရီနှင့် နံနက် ၆ နာရီ ၅၉ မိနစ်ကြားတွင်ပင် ဟောင်ကောင်မြို့ကောင်းကင်ပြင်၌ လျှပ်စီးလက်မှု အကြိမ် ၁၀,၀၀၀ ခန့်ရှိခဲ့သည်ဟု မြို့၏ ရာသီဥတုအာဏာပိုင်များက ပြောခဲ့ကြသည်။
ဟောင်ကောင်မြို့နှင့် အိမ်နီးချင်း ဂွမ်ဒုံပြည်နယ်တို့တွင် တစ်နာရီလျှင် မိုးရေချိန် ၉၀ မီလီမီတာ(၃ ဒသမ ၅ လက်မ) ရွာသွန်းခဲ့ကြောင်း သိရသည်။
ဟောင်ကောင်မြို့အတွင်းအဆောက်အအုံအမြင့်များမှ အဆင်းအတက်ပြုလုပ်ရန် တည်ရှိတတ်ကြသော လှေကားများတွင်လည်း မိုးရေများ အဆက်မပြတ်စီးဆင်းလျက်ရှိသည်။ မြို့အတွင်း အကြီးအကျယ် ရေလွှမ်းမိုးနေသည့်အခြေအနေကြောင့် ရာသီဥတုဗျူရိုက အမြင့်ဆုံးရာသီဥတုသတိပေးချက်ဖြစ်သော အနက်ရောင်မိုးမုန်တိုင်းသတိပေးကြေညာချက်ကို ဩဂုတ်လ ၅ ရက် မွန်းလွဲ ၃ နာရီအထိ ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်၏ အကြီးမားဆုံးဆေးရုံကြီးအပြင်ဘက်တွင် ရေများက ခြေကျင်းဝတ်အထိမြင့်တက်လာ၍ ကျန်းမာရေးအာဏာပိုင်များက မြို့တော်တစ်ဝန်း ဆေးရုံဆေးခန်းများကိုပိတ်ခဲ့ရသည်။
တရုတ်ပြည်မကြီးတွင်လည်း တရုတ်နိုင်ငံတောင်ပိုင်း၌ ယခင်ရက်သတ္တပတ်ကုန်က မုန်တိုင်းများ ဝင်ရောက်၍ ရေလွှမ်းမိုးမှုများဖြစ်ခဲ့ရာ ဟောင်ကောင်၏အိမ်နီးချင်း ဂွမ်ဒုံပြည်နယ်တွင် လူငါးဦးသေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်များစွန့်ပြောင်းရွှေ့ခဲ့ရကာ စီးပွားရေးအရ ဒေါ်လာ ဘီလျံနှင့်ချီ၍ ဆုံးရှုံးရဖွယ်ရှိကြောင်းလည်း သိရသည်။
ဂွမ်ဒုံပြည်နယ်အတွင်း အဓိကစီးဆင်းနေသည့်မြစ်ကြီးလေးသွယ်၏မြစ်ရေများမှာ ဩဂုတ်လ ၅ ရက် နံနက်အထိ စိုးရိမ်ရေမှတ်တွင်ရှိနေကြကာ မြစ်ကမ်းပါးများကျိုးကျမည့် အခြေအနေကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
ဟောင်ကောင်လေဆိပ်ကို ပုံမှန်အားဖြင့် ဖွင့်လှစ်ထားသော်လည်း လေယာဉ်ပျံသန်းမှုခရီးစဉ်များ နှောင့်နှေးမှု၊ ဖျက်သိမ်းရမှုများရှိနေသည်။
Ref,Reuters




