၅.၈.၂၀၂၅
Written by Hey Mar
ကိုရင်ငယ်ခြောက်ပါး ပဲခူးမြစ်ထဲ ရေဆင်းကူးရာက တစ်ပါးရေနစ်ပျောက်ဆုံးနေတဲ့ ဖြစ်စဉ် မနေ့က သြဂုတ် ၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒီနေ့ ဩဂုတ် ၅ ရက်နေ့လယ်အထိ လူမှုကူညီရေးအသင်းတွေက ရေငုပ်ရှာဖွေပေးလျက်ရှိတယ်လို့ ပဲခူးအခြေစိုက် အနာဂတ်ကြယ်ပွင့်လူငယ် သွေးလှူရှင်များအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က သြဂုတ်လ ၄ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ပဲခူးမြို့၊ သွန်းဘုရားရပ်ကွက်၊ သွန်းဘုရားလမ်းရှိ ကြခတ်ဝိုင်းစာသင်တိုက်မှ သာမဏေခြောက်ပါးက ပဲခူးမြစ်အတွင်းရေဆင်းကူးခဲ့ရာ အရှင်နန္ဒ (သက်တော် (၁၃)နှစ်) ရေနစ်ပျောက်ဆုံးခဲ့တာကြောင့် ကျောင်းတိုက်က ညောင်ဝိုင်းမြောက်ဘက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား အကူအညီတောင်းခံလာခဲ့တာလို့ သိရပါတယ်။
မြေပြင်မှာ ကူညီရှာဖွေပေးနေတဲ့ အနာဂတ်ကြယ်ပွင့်လူငယ် သွေးလှူရှင်များ အသင်းတာဝန်ရှိသူက “ကျွန်တော့တို့ မနေ့ကတည်းက ရှာဖွေပေးနေတာပါ။ ကျန်ကိုရင် ငါးပါးက အန္တရာယ်ကင်းပါတယ်။ သူတို့က ရေအတူကူးနေရင်း ရေငုပ်ကြရာက ပြန်ပေါ်မလာလို့ ရှာကြတယ်။ ရှာမတွေ့တော့တာနဲ့ ကျောင်းပြန်လာပြီး ပြောလို့ ဆရာတော်ဦးဆောင်ပြီး အခုအချိန်ထိ ရှာနေကြတုန်းပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။




