၁. ၈. ၂၀၂၅
Translated by Thettant
ဘရာဇီးနိုင်ငံမှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ မနေ့က ဇူလိုင် ၃၁ ရက်နေ့က အဝေးပြေးဘတ်စ်ကားပေါ်မှာ သတိလစ်လဲကျပြီးနောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး သူမ ခန္ဓာကိုယ်မှာ iPhone ၂၆ လုံး ကပ်ထားလျက်သား တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ အသက် ၂၀ အရွယ် အမျိုးသမီးငယ်ဟာ ခရီးဝေးသွားချိန် နေမကောင်းဖြစ်ပြီး ဆေးရုံမရောက်မီ သေဆုံးသွားခဲ့လို့ ရဲတပ်ဖွဲ့က ဒီထူးဆန်းတဲ့ အမှုကိစ္စကို စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီဖြစ်ပါတယ်။
အဆိုပါအမျိုးသမီးငယ်ဟာ Foz do Iguaçu ကနေ São Paulo ကို တစ်ဦးတည်း ခရီးသွားနေချိန် Paraná ပြည်နယ်အလယ်ပိုင်း Guarapuava ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ဘတ်စ်ကားရပ်နားနေခဲ့ချိန် သူမ အသက်ရှူရခက်ခဲကြောင်း သတင်းပို့ပြီးနောက် အရေးပေါ်ဝန်ဆောင်မှုတွေကို ခေါ်ယူပေးခဲ့ပါတယ်။
သူမကို မိုဘိုင်းအရေးပေါ်စောင့်ရှောက်မှုဌာန (SAMU) ဝန်ထမ်းတွေက ကုသပေးခဲ့ချိန်မှာ သူမ သတိရှိနေပေမယ့်လည်း အသက်ရှူရခက်ခဲနေကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ မကြာမီအချိန်မှာပဲ သူမဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေပြသလာပြီး ဝက်ရူးပြန်သလို တက်လာခဲ့ပါတယ်။ SAMU ဝန်ထမ်းတွေက ရှေးဦးသူနာပြုစုနည်းတွေနဲ့ သူမကို ၄၅ မိနစ်ကြာအောင် အသက်ပြန်လည်ရှင်သန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
သူမကို ကုသနေစဉ်အတွင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက သူမ ခန္ဓာကိုယ်မှာ ပစ္စည်းထုပ်များစွာ ချည်နှောင်ထားတာကို သတိပြုမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က နောက်ပိုင်းမှာတော့ iPhone ၂၆ လုံးကို သူမရဲ့ အရေပြားပေါ် တိုက်ရိုက်ကပ်ထားတာကို တွေ့ရှိခဲ့ရပါတယ်။
စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့ကအရာရှိတွေဟာ မှုခင်းဆေးသိပ္ပံဆိုင်ရာရဲတပ်ဖွဲ့နဲ့ အရပ်ဘက်ရဲတပ်ဖွဲ့ခေါ်ယူပြီး မှုခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးဖို့ ခေါ်ယူခဲ့သလို မူးယစ်ဆေးဝါးရှာဖွေရေးခွေးတစ်ကောင်က အမျိုးသမီးငယ်ထံကနေ မူးယစ်ဆေးဝါးတွေကို မတွေ့ရှိခဲ့ပေမဲ့လည်း အရက်ပုလင်းများစွာကို သူမ ခရီးဆောင်အိတ်ထဲက တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
Paraná အရပ်ဘက်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ “Paraná အရပ်ဘက်ရဲတပ်ဖွဲ့သည် အဆိုပါအမှုကို စုံစမ်းစစ်ဆေးနေပြီး သေဆုံးရခြင်းအကြောင်းရင်းကို ရှင်းလင်းရန် မှုခင်းဆေးဘက်ဆိုင်ရာ အစီရင်ခံစာများ အပြီးသတ်ခြင်းကို စောင့်ဆိုင်းနေပါသည်။ ကနဦးသတင်းအချက်အလက်များအရ တစ်ဦးတည်းရှိသော အမျိုးသမီးသည် Foz do Iguaçu မှ São Paulo သို့ ခရီးသွားနေခြင်းဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တွင် ကပ်ထားသော မိုဘိုင်းလ်ဖုန်း ၂၆ လုံးကို သိမ်းဆည်းကာ ပြည်ထောင်စုအခွန်ဝန်ဆောင်မှုဌာနသို့ ပေးပို့ခဲ့ပါသည်။” လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ ခန္ဓာကိုယ်မှာ iPhone ၂၆ လုံး ကပ်ထားရင်း ခရီးသွားချိန် သေဆုံးခဲ့တဲ့ အသက် ၂၀ အရွယ် အမျိုးသမီးငယ်ရဲ့ဖြစ်စဉ်မှာ သေဆုံးမှုဖြစ်စဉ်၊ သူမဟာ မှောင်ခိုကူးသူ ဟုတ်မဟုတ်၊ ရာဇဝတ်ဂိုဏ်းတွေက ဖိအားပေး ခိုင်းစေခံရသူဟုတ် မဟုတ် စတဲ့ အချက်အလက်တွေသိရဖို့ သူမရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
Ref, daily mail
