၁. ၈.၂၀၂၅
Written by Nyein Kyaw
ဇူလိုင်လတွင် မြန်မာ့ကုန်ထုတ်လုပ်မှုသည် ဝယ်လိုအားအခြေအနေများ တည်ငြိမ်သည့်လက္ခဏာ ထပ်မံပြသခဲ့၍ PMI အညွှန်းကိန်း အနည်းငယ်မြင့်တက်ခဲ့သည့်အပြင် ငလျင်နောက်ပိုင်း ပြန်နာလန်ထမှုမှာလည်း ဆက်လက်တည်ရှိနေကြောင်း ယနေ့ ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း ၄၉ သာရှိခဲ့ရာမှ ဇူလိုင်လတွင် ၄၉ ဒသမ ၅ သို့ ရောက်ရှိခဲ့ပြီး သုံးလဆက်တိုက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် စံသတ်မှတ်ချက်ဖြစ်သည့် PMI အညွှန်းကိန်း ၅၀ အောက်မှာသာ ဆက်ရှိနေသည်။
“ဒုတိယနှစ်ဝက်စတင်မှုက ငလျင်လှုပ်ပြီးနောက်ပိုင်း ပြန်လည်နာလန်ထမှု ဆက်လက်ဖြစ်ပွားနေတာကို ပြသခဲ့ပါတယ်။ ထုတ်လုပ်ရေးမှာ ဦးစိုက်မှုက သက်သာလာခဲ့ပြီး အမှာစာအသစ်တွေက ကျယ်ကျယ်ပြန့်ပြန့် တည်ငြိမ်နေခဲ့သလို ရောင်းချမှုတွေကို ဖေးမပေးတဲ့ ရှိနှင့်ပြီးဖြစ်တဲ့ ဝယ်လိုအား အလားအလာတွေ ကောင်းမွန်လာတဲ့ လက္ခဏာတွေက အထောက်အကူ ဖြစ်စေပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ကုန်ထုတ်လုပ်ရေးကုမ္ပဏီများသည် ထုတ်လုပ်ရေးအဆင့်များ ကျဆင်းမှုကို ခုနစ်လဆက်တိုက်တွေ့ခဲ့ရသော်လည်း ၂၀၂၅ ခုနှစ် မတ်လနေက်ပိုင်းတွင် အားအနည်းဆုံးအတိုင်းအတာ ဖြစ်ခဲ့သည်။ ထုတ်လုပ်ရေး ကျဆင်းမှုသည် အလုပ်အမှာစာအသစ်များ ကျဆင်းမှုနှင့် လုပ်သားရှားပါးမှုတို့နှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။
အဆုံးသတ် သုံးသပ်ချက်တွင် ဈေးကွက်တင်ခြင်းအတွက် အစီအစဉ်များနှင့် တိုးချဲ့ရန် မျှော်လင့်ချက်များက လာမည့် ၁၂ လအတွင်း ထုတ်လုပ်ရေး တိုးပွားမှုအတွက် မျှော်မှန်းချက်များကို ပိုမိုခိုင်မာစေခဲ့ကြောင်း၊ ယုံကြည်စိတ်ချမှုအဆင့်သည် ယခုလတွင် အားကောင်းခဲ့သော်လည်း အဖွဲ့ဝင်အများစုက လာမည့်နှစ်အတွင်း ထုတ်လုပ်ရေးအဆင့်များ တည်ငြိမ်နေမည်ဟု မျှော်မှန်းကြကြောင်း ဖော်ပြထားသည်။

