သတိုး
၁. ၈. ၂၀၂၅
နှစ်ပေါင်း ၁၂၀ ကျော်ကာလအတွင်း ဒသမမြောက် ဝဋံသကာဘွဲ့ရအဖြစ် ထပ်မံပေါ်ထွန်းလာခဲ့သည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်းတိုက်မှ သက်တော် ၂၃ နှစ်အရွယ် အရှင်ဃောသိတာလင်္ကာရာဘိဝံသအား ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပမည့် “ဝဋံသကာ” ရွှေတံဆိပ်ဆု ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ၁၃၈၇-ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် အင်္ဂါနေ့ (၅. ၈. ၂၀၂၅) နံနက် ၈ နာရီခွဲအချိန်တွင် ပရိယတ္တိသာသနဟိတအသင်းကြီး၏ ဗိမ္မာန်တော်ကြီး အလယ်ထပ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထို့ ဂုဏ်ပြုပူဇော်ပွဲတွင် အရှင်ဃောသိတာလင်္ကာရာဘိဝံသအား ပရိယတ္တိသာသနဟိတအသင်းကြီးက Kluger ယာဉ်တစ်စီး ဆက်ကပ်မည်ဖြစ်ကာ အသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ ဦးစိုးလွင်မိသားစု၊ အတွင်းရေးမှူး ဦးဇော်ဇော်မိသားစုနှင့် ရွှေမြန်မာထောပတ်မိသားစုတို့က ရွှေတံဆိပ်များ ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းက ကြီးမှူးကျင်းပသည့် သကျသီဟပရိယတ္တိစာလျှောက်မေးပွဲများ၏ စာသင်တန်း၊ ဓမ္မာစရိယတန်းတို့ကို နှစ်မခြားဘဲ အောင်မြင်သော စာအောင်သံဃာတော်များကို “ဝဋံသကာ” ဘွဲ့ဆပ်ကပ်အပ်နှင်းကာ စာမေးပွဲစတင်ကျင်းပသည့် ကောဇာသက္ကရာဇ် ၁၂၆၅ ခုနှစ် မှ ၁၃၈၇ ခုနှစ်အထိ နှစ်ပေါင်း ၁၂၂ နှစ်အတွင်း ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် အရှင်မြတ် (၁၀ )ပါးသာ ပေါ်ထွန်းခဲ့ကာ ပရိယတ္တိသာသနဟိတအသင်း၏ ပထမဦးဆုံး ဝဋံသကာဘွဲ့ခံ သာသနာ့ သူရဲကောင်းပုဂ္ဂိုလ်မှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဖြစ်သည်။
အရှင်ဃောသိတာလင်္ကာရာဘိဝံသ မပေါ်ထွန်းမီ နောက်ဆုံး ပေါ်ထွန်းခဲ့သော န၀မမြောက် ဝဋံသကာဘွဲ့ခံ သာသနာ့ သူရဲကောင်းပုဂ္ဂိုလ်မှာ ၁၃၄၈ ခုနှစ်က ပေါ်ထွန်းခဲ့သော ဆရာတော် အရှင်ကေသရာလင်္ကာရာဘိဝံသဖြစ်သဖြင့် ၃၉ နှစ်အကြာမှသာ ဒသမမြောက် ဝဋံသကာဘွဲ့ရအဖြစ် အရှင်ဃောသိတာလင်္ကာရာဘိဝံသ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
အရှင်ဃောသိတာလင်္ကာရာဘိဝံသသည် မန္တလေးမြို့ ပရိယတ္တိသာသနဟိတအသင်းကြီး နယုန်လစာလျှောက်မေးခမ်းကျင်းပရာ ၁၃၈၆ – ခုနှစ်တွင် သီးခြားစာသင်တန်း၌ -၁။ ဒွေမာတိကာ နှင့် ကင်္ခါအဋ္ဌကထာ၊ ကင်္ခါဋီကာဟောင်း၊ ကင်္ခါဋီကာသစ်၊ ကင်္ခါဇယာဇနာ မဟာဋီကာနှင့် သက်ဆိုင်ရာအဖွင့်ကျမ်း၊ ၂။ သဒ္ဒါကြီးရှစ်စောင်၊ ပုဒ်စစ်၊ သုတ်စစ်၊ သဒ္ဒါစစ်၊ သံဝဏ္ဏနာနည်းလေးဆယ်၊ ရူပသိဒ္ဓိကျမ်း၊ ရူပသိဒ္ဓိဋီကာ၊ ရူပသိဒ္ဓိဂတ္တိကျမ်း၊ ၃။ ဂါထာတစ်ထောင်ကျော်ရှိ အဘိဓာန်ကျမ်း၊ ဂါထာလေးရာရှိ သဒ္ဒတ္ထဘေဒစိန္တာ၊ ကစ္စာယနသာရကျမ်း၊ ဝုဓတ္တာဒယဆန်းကျမ်းနှင့် သက်ဆိုင်ရာကျမ်းများ၊ ၄။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊ ဋီကာကျော်နှင့် သက်ဆိုင်ရာကျမ်းများ၊ ၅။ တိကမာတိကာကျမ်း၊ ဒုကမာတိကာကျမ်း၊ သုတ္တန္တမာတိကာကျမ်း၊ ဓာတုကထာကျမ်း၊ ယမိုက်ငါးကျမ်းနှင့် အရကောက်များ၊ ယင်းပြဌာန်းထားသောကျမ်းများကိုဖြေဆိုအောင်မြင်ပြီးနောက် ၁၃၈၇ – ခုနှစ်တွင် သီးခြားစာချတန်း၌ ပြဌာန်းထားသော ၁။ ပါရာဇိကဏ်အဋ္ဌကထာကျမ်း နှင့် ဋီကာကျမ်း၊ ၂။ သီလက္ခန်အဋ္ဌကထာကျမ်းနှင့် ဋီကာကျမ်း၊ ၃။ အဋ္ဌသာလိနီအဋ္ဌကထာကျမ်းနှင့် ဋီကာကျမ်းဟူသော ကျမ်းကြီးသုံးကျမ်းလုံးကို တစ်နှစ်တည်း တစ်ကြိမ်တည်းဖြင့် နှစ်ချင်းပေါက် နှစ်မခြားဘဲ ဖြေဆို အောင်မြင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ကျော် သာသနာ့ အာဇာနည်ဖြစ်သောကြောင့် “ဝဋံသကာ(ဦးဆောက်ပန်း) ရွှေတံဆိပ်ဆုကို ဆက်ကပ်လှူဒါန်းရခြင်းဖြစ်သည်။








