
၁. ၈. ၂၀၂၅
Written by KL
ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာတွင် ဖြစ်ပွားခဲ့သော ကျောင်းသား ၁၇ ဦးကို လိင်တူပြုကျင့်ခဲ့သည့် ကျောင်းဆရာ သက်ဇော်အောင်ကို ပဲခူးခရိုင်တရားရုံးက ဇူလိုင်လ ၃၁ ရက်တွင် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အလက(ခွဲ) မုက္ကလတွင် ၅ တန်းအတန်းပိုင် ယာယီကျောင်းအုပ်အဖြစ်လုပ်ကိုင်ခဲ့သော အသက် ၂၉ နှစ်အရွယ် သက်ဇော်အောင်ကို ကျောင်းသားများအပေါ် လိင်တူပြုကျင့်မှုအား အမှုဖွင့်ကာတရားစွဲဆိုခဲ့သော အမှုပေါင်း ၁၇ မှုအတွက် ထောင်ဒဏ်နှစ် ၄၀ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသားများပေါ် လိင်တူပြုကျင့်မှုများကို ၂၀၂၄ ခုနှစ် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ လုပ်ဆောင်ခဲ့ပြီး ပဲခူးမြို့နယ် ဆိုင်တီကျေးရွာရှိ ၎င်း၏နေအိမ်၌ ညအိပ်ကျူရှင်ဖွင့်လှစ်ကာ ကျောင်းသား ၉ ဦးကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်ရာ မုက္ကလကျေးရွာ၊ အလက(ခွဲ)တွင် ကျောင်းသား ၇ ဦးကို လည်းကောင်း၊ ကျောင်းနှင့် ညအိပ် ကျူရှင်ဖွင့်လှစ်ထားရာအိမ်တွင် ကျောင်းသား ၁ ဦးကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား ၁၇ ဦးအား လိင်တူဆက်ဆံခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်က ကျောင်းတွင် လူမရှိချိန်၌ ကျောင်းအုပ်ရုံးခန်းတွင် ကျောင်းဆရာ သက်ဇော်အောင်ကအဓမ္မပြုကျင့်ခဲ့ကြောင်းကို ကျုးလွန်ခံရသူ ကျောင်းသားက ၎င်း၏မိဘကို ပြန်လည်ပြောပြသဖြင့် စတင်သိရှိခဲ့ပြီး အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
