◾️တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဥပဒေချုပ်များကိုလည်း ဆက်လက်ခန့်အပ်တာဝန်ပေး

၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဦးစီးအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ကို ဆက်လက်တာဝန်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ၆ ခုကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင် ၃၁ ရက်(ယနေ့)တွင် ထုတ်ပြန်ထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၁၂/၂၀၂၅) ဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဦးစီးအဖွဲ့များ ဖွဲ့စည်းခြင်းအား ထုတ်ပြန်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ စသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဦးစီးအဖွဲ့ စုစုပေါင်း ၁၅ ခုကို ဆက်လက် တာဝန်ပေးအပ်ခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၁၃/၂၀၂၅) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဝုန်ဆွန်းထန်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးမြတ်ကျော်၊ ပဲခူးတိုင်းဒေသကြီးအစိုးအရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးမျိုးဆွေဝင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးတင်မောင်ဝင်းတို့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကာ အဖွဲ့ဝင်များလည်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၁၄/၂၀၂၅) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းအား ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ် ဥပဒေချုပ်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဆက်လက်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ထို့အတူ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၁၅ /၂၀၂၅)ဖြင့် စည်ပင်သာယာရေးကော်မတီများ ဖွဲ့စည်းခန့်အပ်တာဝန်ပေးခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများအား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဆက်လက်ဖွဲ့စည်းခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မျိူးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၁၆ /၂၀၂၅)ဖြင့် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးထားသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ခရိုင်တွင် ခရိုင်ဦးစီးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန နှင့် ခရိုင်ဥပဒေအရာရှိတို့ကို ဖြည့်စွက်၍လည်းကောင်း၊ မြို့ နယ်တွင် မြို့နယ်ဦးစီးမှူး၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအရာရှိတို့ကို ဖြည့်စွက်၍လည်းကောင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများအဖြစ် ဆက်လက်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
